ဆရာတော် အရှင်တိက္ခဉာဏာလင်္ကာရအတွက် မွေးနေ့ပူဇာ ဆောင်းပါးလွှာ
ဆရာတော် အရှင်တိက္ခဉာဏာလင်္ကာရအတွက် မွေးနေ့ပူဇာ ဆောင်းပါးလွှာ
ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်၏ မေတ္တာ၊ ကရုဏာတော်ကြီးမားပုံနှင့် သစ္စာတရားတော်အား ထုတ်ဖော် ဟောပြခဲ့သည်ကို နှလုံးသွင်း၍ ရိုသေမြတ်နိုး လက်စုံမိုးလျက် ရှိခိုးကန်တော့ပါ၏။
မြတ်စွာဘုရားရှင်၏ ရွှေနှုတ်တော်မှ မိန့်တော်မူပေထသော တရားဓမ္မများ၏ ဂုဏ်ကျေးဇူးကို ရည်စူး၍ ရိုသေမြတ်နိုး လက်စုံမိုးလျက် ရှိခိုးကန်တော့ပါ၏။
မြတ်စွာဘုရားရှင်၏ တရားဓမ္မများကို ကိုယ်တိုင် ကျင့်ကြံအားထုတ်၍ သတ္တဝါ ဝေနေယျများကိုလည်း ကရုဏာ ရှေ့ထား ဟောပြညွှန်ပြပေးအပ်သော သံဃာတော်အရှင်မြတ်များ၏ ဂုဏ်ကျေးဇူးတော်အား ရည်စူးစိတ်ညွှတ်၍ ရိုသေမြတ်နိုး လက်စုံမိုးလျက် ရှိခိုးကန်တော့ပါ၏။
ကျေးဇူးရှင် ဆရာတော် အရှင်တိက္ခဉာဏာလင်္ကာရ၏ မွေးနေ့ပူဇာ ဆောင်းပါးလွှာကို ရေးသားပူဇော်ပါမည်ဟု စိတ်မှ ဆုံးဖြတ်လိုက်သည်နှင့် ဆရာတော်အား လက်ဆောင်ပေးလိုသော စိတ်သည် ဖြစ်၏။ ဘယ်လက်ဆောင်ကို ပေးရမည်နည်းဟု မေးခွန်းလေး ထုတ်ကြည့်သော်.. ရတနာ အား လက်ဆောင်ပေးလို၏။ ဆရာတော်၏ တရားဓမ္မကို ကြားနာရ၍ မသိရသည်ကို သိခွင့်ရကုန်၏။ ထိုသိခွင့်ရသော အသိသည် ဒုက္ခပိနေသော ဘေးမှ လွတ်ကင်းနိုင်သော သတ္တိကို ကျေးဇူးပြု၍ ဆရာတော်၏ ကျေးဇူးသည် လွန်စွာကြီးမား၏။ ထို့ကြောင့် ဆရာတော်အား လက်ဆောင်ပေးလိုသော ရတနာသည် တန်ဖိုးကြီးမြတ် မြင့်မားသော ရတနာ ကို ရွေးချယ်ပေးလိုသော ဆန္ဒသည် ရှိ၏။ ရတနာထဲမှ တန်ဖိုးကြီးမြတ်သော ရတနာကို စိတ်ကတ္တီပါ အလွှာလေးပေါ်မှာ တင်ကြည့်ပြီး ရွေးကြည့်သော်… ဘုရား၊ တရား၊ သံဃာ ဤရတနာသုံးပါးကို တပည့်တော် ရှာဖွေ တွေ့ရှိပါ၏။
ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ဟု ဆိုအပ်သော ဤရတနာသုံးပါးအား ဆရာတော်အား လက်ဆောင်ပေးအပ်ပါ၏။ ဤရတနာအား ပကတိစက္ခုဖြင့် မမြင်အပ်နိုင်ပေ၊ ဉာဏစက္ခုဖြင့်သာ ရတနာ၏ အရည်အသွေး အားလည်း မြင်အပ်ပေ၏။ တန်းဖိုးကြီးမြတ်မှုကိုလည်း သိအပ်ပေ၏။ တပည့်တော်၏ မွေးနေ့လက်ဆောင်အား အရှင်ဘုရား၏ ဉာဏစက္ခုဖြင့် ဆောင်ယူတော်မူပါကုန်၊ မြင်အပ်ပါပေကုန်၊ သိအပ်ပါပေကုန်။
အရှင်ဘုရား၏ မွေးနေ့တော်အား ရည်စူး၍ တပည့်တော် အဘယ်သို့သော အကြောင်းအရာကို ရေးရမည်ကို မသိသေး၊ ရေးသာခဲ့သည်မှာ ဤအထိတော့ ရှိနေပြီ။ တပည့်တော် သုံးသပ်ကြည့်ပါသည်။ လူမိုက်နှင့် လူလိမ္မာ ဘာကွာလဲ မေး။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်မှ ကွာဟမှုကို တပည့်တော် သိခဲ့ရပါ၏။ ထိုကွာခြားချက်မှာ -
· လူမိုက်သည် အမှောင်ထဲမှ လာကြကုန်၏။ အမှောင်ထဲ၌ ကျင်လည်ကျက်စား ကြကုန်၏။ အမှောင်ရှိရာသို့ သွားကြကုန်၏၊ ဤသို့ အမှောင်ထဲမှလာ၍ အမှောင်ထဲသို့သာ သွားကြကုန်၏။
· လူလိမ္မာတို့သည် အမှောင်ထဲမှ လာကြကုန်။ အလင်းကို ရှာဖွေကြကုန်၏၊ အလင်းရှိရာသို့ သွားကြကုန်၏ ။ ဤသို့ အမှောင်ထဲမှာ လာကြသော်လည်း အလင်းကို ရှာဖွေတွေ့ရှိကြကုန်၏။
ဟု တပည့်တော် သိခဲ့ရပါသည်။ ဤအသိ ဖြင့် တပည့်တော် ယခုရေးသားမှုကို စတင်စ ပြုနေပါပြီ။
အရှင်ဘုရား၏ မွေးနေ့အတွက် ရည်စူး၍ ရေးသားပူဇော်သည့် ဆောင်းပါး ဖြစ်သောကြောင့် အရှင်ဘုရားကို ဦးတည်၍သာ တပည့်တော် ရေးပါရစေ အရှင်ဘုရား။ ဤနေ့သည် အရှင်ဘုရား၏ မွေးနေ့ဟုဆိုအပ်သော ကြောင့် ဤနေ့သည် အရှင်ဘုရား၏ အမှောင်ထဲမှ ရောက်လာခဲ့သောနေ့ (ဝါ) အလင်းရှာဖို့ ထွက်မြောက်လာသောနေ့ ဟု ဆိုအပ်သည်။ ထိုအမှောင် ထဲမှ ရောက်လာခဲ့ပြီးနောက် အရှင်ဘုရားသည် အလင်းကို ရှာဖွေသော သူဖြစ်၍ အလင်းရှိရာသို့ သွားနေသောသူ ဖြစ်၍နေပြီ။ အရှင်ဘုရားနှင့် ပါရမီအရင်းခံ တွေ့ဆုံကံပါ၍ တပည့်တော်တို့ ဤအခြင်းအရာအား သိခဲ့ရပါပြီ။ ဤသို့ လူလိမ္မာတို့ သွားသောလမ်း၌ အရှင်ဘုရား၏ ခြေဖဝါးရာကား ထင်ခဲ့လေပြီ။ ရှေ့က ကျင်လည်လာခဲ့သော သံသရာ၌ ဤသို့သောလမ်း၌ ခြေဖဝါးရာ မထင်ခဲ့၍ ကြီးစွာသော ဒုက္ခများဖြင့် သံသရာ၌ ဆင်းရဲခဲ့ရသည်ကို ယခုဘဝ ရထားသော ခန္ဓာ၏ သဘာဝလက္ခာဖြင့် ယှဉ်တွဲသုံးသပ်၍ သိမြင်အပ်ပေပြီ။
ကမ္ဘာကြီးအား Google Earth မှ zoom ဆွဲပြီးကြည့်သလို ဉာဏ်ဖြင့် လွှမ်းခြုံ၍ ဆင်ခြင်ကြည့်သော် လောကလူသားတစ်ချို့မှာ အသက်အရွယ်အားဖြင့် ကြီးရင့်နေပြီ၊ အရွယ်အားဖြင့် ရင့်နေပြီ။ သံဝေဂ ဉာဏ်ဒီဂရီအားဖြင့်ကား မတက်သေး၊ လောက၏ အမှန်တရားတစ်ခုကို မြင်နိုင်စွမ်းမရှိသေး၊ အမှောင်နယ်ထဲ၌သာ အဝိဇ္ဇာပြုံး ပြုံး၊ အဝိဇ္ဇာမဲ့ မဲ့လျက် လူမိုက်တို့သွားသည့် လမ်း၌ လျှောက်နေကြကုန်၏။ သူတို့သာ လျှောက်သည်မဟုတ်၊ အရွယ်နု လူငယ်ထုများကိုလည်း ဦးဆောင်ပြု ရှေ့ဆောင်မှု ရှိကြကုန်၏၊ ထိုသူတို့သည်ကား မိုက်ချက် ကန်းကုန် အကယ်ဒမီ နှစ်ထပ်ကွမ်း ပိုင်ရှင်များ ဖြစ်ကြ၏။ ဤအကယ်ဒမီ ပိုင်ရှင်များအား ဤလောက၌ မမြင်လိုသော်လည်း မြင်ရသည်။ ထိုသူတို့မှာ သဘာဝတစ်ခုကို ပုံဖော်ပေးသူများဟု ဆိုလျင် မမှားပေ။ အဘယ့်ကြောင့် ဆိုလျင် သဘာဝဟူသည်ကား အကောင်းနှင့် အဆိုးသည် ဒွန်တွဲလျက် ရှိသည်သာတည်း။ သံသရာပျော်သူ ဟု အမည်ပေးရမည်လား၊ သဘာဝသရုပ်ဖော်သူဟု အမည်ပေးရမည်လား ခွဲခြား၍မရချေ။ သေချာသည်က သူတို့မှာ သံသရာ၏ ဆင်းရဲဒုက္ခကို မမြင်အောင် ဖုံလွှမ်းထားသော အဝိဇ္ဇာတည်း ဟူသော တရားနှင့် ယှဉ်တွဲလျက် ပျော်နေသည့် တဏှာတရား၏ ပယောဂ လက်ချက် မိနေသော သူများသည်သာတည်း။
ဤသို့ ကမ္ဘာ့လူဦးရေအားဖြင့် ခြုံငုံ၍ မည်သည့်လမ်း၌ လျှောက်လှမ်းသူ ပမာဏ ပိုများသနည်းဟု ခွဲခြမ်းစီစစ်ကြည့်သော် လမ်းခင်းကျောက်နှင့် ပတ္တာမြားကဲ့သို့ လူမိုက်တို့လျှောက်သည့်လမ်း၌ လျှောက်သူပမာဏမှာ လွန်စွာ များပြား၏။ ပတ္တာမြား ပမာဏကား လွန်စွာနည်းပါး၏။ ဤသို့ အရေအတွက်သာ များ၍ အရည်အချင်းမရှိသော အစု၊ အရေအတွက်နည်းသော်လည်း အရည်အချင်းရှိသော အစု၊ ဤနှစ်စု၌ အရေအတွက်နည်းသော်လည်း အရည်အချင်းရှိသောသူအစု၌ အရှင်ဘုရား၏ ယခုအသက်အရွယ် မွေးနေ့ အချိန်အခါဝယ် ပါဝင်ခွင့်ရခဲ့ပြီ။ ဤသည်မှာ လွန်စွာပင် ဝမ်းသာဂုဏ်ယူစရာ ကောင်းသော အချက်ဟု တပည့်တော် သုံးသပ်၍ ဝမ်းမြောက်ရပါကုန်၏။ အားကျရပါကုန်၏။ အားကိုးရပါကုန်၏။
ဆက်လက်၍ မွေးနေ့ဟူသော နေ့တစ်နေ့၌ တွေ့ရသော လောကမြင်ကွင်း တစ်ချို့ကို သုံးသပ်ကြည့်သော်-
· တစ်ချို့မှာ ငယ်စဉ်အခါ၌သာ မွေးနေ့ရောက်တိုင်း လက်ဆောင်ရ၍ ပျော်ကြ၏။ အသက်အရွယ်ရလာသော် အရွယ်ကို မှန်မှာကြည့်၍ မျက်နှာမဲ့ကြ၏။ မပျော်နိုင်ကြ။
· တစ်ချို့မှာ ငယ်စဉ်အခါ၌ မွေးနေ့ရောက်တိုင်း လက်ဆောင်ရ၍ ပျော်ကြ၏။ အသက်အရွယ်ရလာသော် သေးမည့်ဘေးကို မျှော်တွေးသုံးသပ်၍ မသေမယ့်အရေးအားဖြင့် ရှိသေးလားဟု မေးမြန်း၍ မသေရာ အဇာတိဟု ဆိုအပ်သော နိဗ္ဗာန် ကို ဆန္ဒရည်သန်၍ တရားနာယူရန် သူတော်ကောင်းများထံသို့ ဆည်းကပ်ကြကုန်၏၊ နည်းနာခံယူ၍ တရားအားထုတ်ကြကုန်၏။ တသံသရာလုံးအားဖြင့် မကြားနာခဲ့ရသော သစ္စာတရားများကို ကြားနာရ၍ သူတို့မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏၊ သစ္စာတရားအား နှလုံးသွင်းခွင့် ရကြကုန်၍လည်း လွန်စွာပင် ထပ်လောင်း ဝမ်းမြောက်ကြရကုန်၏။
ဤသို့အားဖြင့် ”သူများပျော်လို့ မပျော်နိုင် အဝိဇ္ဇာမှိုင်းကပ်လို့ မှိုင်” စသည်ဖြင့် မြင်ကွင်းနှစ်ခု၏ ခြားနားပုံကို တွေ့မြင်ကြရ၏။
ဤသို့ စသည်ဖြင့် ရှိကြအဖြာဖြာ ရေးသားစာပြု ရေးသားမှု မကုန်နိုင်ပြီ။ နိဂုံးမှာ ဆင်ခြင်မှုဉာဏ်အသွားဖြင့် စာကို အဆုံးသတ်ရလျင်-
ဤသို့ မွေးနေ့ရောက်တိုင်း ငါသည် - ယခုအသက်အရွယ်ထိ ဝဋ်ပျော်ကြီးဘဝဖြင့် အရှက်မရှိ နေထိုင်ခဲ့လေပြီ၊ ဝဋ်ဘေးအား အကြောက်တရားမရှိ နေထိုင်ခဲ့လေပြီ။ ဤသို့ ”အရှက်၊ အကြောက်” ကင်းမဲ့စွာဖြင့် အနှစ်သာရမရှိ နေထိုင်လာရခြင်းသည် အဘယ်မှာ မြင့်မြတ်သော ဘဝ ဖြစ်အံ့နည်း၊ အဘယ်မှာ လူ့ဘဝနှင့် ထိုက်တန်အံ့နည်း။
တစ်ချို့သည် ဝဋ်ခန္ဓာကြီးထမ်း၍ နေရသည်ကို ရှက်ခြင်း၊ ဤဝဋ်ဘေးအား ကြောက်ရွံ့ခြင်းများ ကို ဉာဏ်ဖြင့် ဆင်ခြင်ဖြစ်ပေါ်၍ ဝဋ်ခန္ဓာဘေးမှ လွတ်မြောက်ရာကို မြတ်စွာဘုရားရှင် သာသနာ့အလင်းရောင်အောက်၌ ရှာဖွေကြကုန်၏။ တွေ့ရှိကြကုန်၊ ဒုက္ခခပ်သိမ်း ငြိမ်းအေးကြကုန်၏။ ဤသို့သော သူတို့သည်သာ မြင့်မြတ်သောဘဝ ကို ပိုင်ဆိုင်ကြကုန်၏၊ လူ့ဘဝနှင့် ထိုက်တန်ကြကုန်၏။
ဤသို့ မြင့်မြတ်ခြင်း၊ ထိုက်တန်ခြင်း သို့ရောက်အောင် ငါသည် ကြိုးစားအပ်ပေ၏ဟု တပည့်တော်တို့အနေဖြင့် ဆင်ခြင်သင့်သည် မဟုတ်ပါလော…?
ဤသို့ဆင်ခြင်ဉာဏ်သွင်း၍ အလင်းအားရှာဖွေသူဖြစ်လင့် မရဏမင်းဖြင့် ရှာမတွေ့နိုင်ပြီ။
ရိုသေမြတ်နိုး လက်စုံမိုးလျက်
တပည့်၊တပည့်မ
ဝင်းမြင့်၊မေဟန်
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက (ယော) ဆရာတော်ဘုရားကြီး ဟောညွှန်ပြသည့် ဗုဒ္ဓလမ်းညွှန် အကျင့်မှန် စာအုပ်မှ ကောင်နုတ်ချက် မှတ်စု ဖြင့် အရှင်ဘုရား၏ ၂၇/၀၅/၂၀၀၉ - (၃၁)နှစ်မြောက် မွေးနေ့အား ထပ်မံပူဇော်ပါကုန်၏ အရှင်ဘုရား...
*ကမ္ဘာ့အချမ်းသာဆုံးဆိုတာ ရှိတာနဲ့ ချမ်းသာအောင် နေတတ်တဲ့သူကို ခေါ်တာ။
*အချမ်းသာဆုံးလူဆိုတာ ဘယ်အာရုံနဲ့တွေ့တွေ့ ငြိမ်းချမ်းစွာ၊ တည်ငြိမ်စွာ၊ ရင့်ကျင့်စွာနေတတ်တယ်၊ အာရုံထုမှုခံနိုင်တယ်၊ သူများငိုနေကြတဲ့နေရာမှာ ပြုံးပြုံး ပြုံးပြုံးနဲ့ နှလုံးအေးအောင် နေတတ်တယ်။
*သာသနာနဲ့ မတွေ့တဲ့သူ ဘဝအခက်အခဲ ဖြေစရာမရှိ။
*မြတ်စွာဘုရားရှင်၏ သာသနာနဲ့ မတွေ့တဲ့သူတွေကို အကဲခတ်ပါ၊ သူ့မှာရုပ်ဝတ္ထုနဲ့ အရေအတွက်တွေပေါတယ်။ ရုပ်ဝတ္ထုတွေ အဆင်ပြေနေတုန်း ခပ်ပြုံးပြုံးနေနိုင်လိမ့်မယ်၊
ထစ်ကနဲ တစ်ခုခုအဆင် မပြေပြီဆိုတာနဲ့ တစ်ပြိုင်နက် ဒေါသထွက်လာပြီ၊ အပူတွေလာပြီ၊ တုတ်တွေ၊ ဓားတွေ၊ တန်းစီစောင့်နေကြပြီ။ ဒါမှမဟုတ် ပတ်ဝန်းကျင်ကို ဘယ်လိုမှ
လက်လှမ်းမမှီတော့ဘူးဆိုရင် ကိုယ့်ဟာကိုယ် ဒုက္ခပေးတော့မယ်၊ အရက်တွေသောက်တော့မယ်၊ မူးယစ်ဆေးဝါးတွေ သုံးစွဲတော့မယ်၊ အဆိပ်တွေသောက်တော့မယ်၊ တိုက်အမြင့်ကြီးတွေ
ပေါ်တက်၊ ကယောင်ကတမ်းခုန်ချတော့မှာ။
သူ့မှာ အစားထိုးစရာမရှိဘူး၊ ဘဝ အခက်အခဲကို ဖြေစရာမရှိဘူး၊ ဟာကနဲပျောက်ကွယ်သွားတဲ့နေရာမှာ ”ဟောဒါပဲ” လို့ အစားထိုးစရာ မရှိဘူး၊ ဘိုင်းကနဲလဲသွားတဲ့စိတ်ကို ထူပေးစရာ တရား
မရှိဘူး၊ ဒါကို အဆင့်နိမ့်လူလို့ခေါ်ပါတယ်။
*တရားဟောချိန်စိပ်လာတာသည် ကိလေသာထူထပ်အားကောင်းလာလို့။
*မကောင်းတဲ့လူလည်း မကောင်းတဲ့ဓာတ်လိုက်တာပဲ၊ ကောင်းတဲ့လူလည်း ကောင်းဓာတ်လိုက်တာပဲ၊
ဥပတိဿက အရှင်အဿဇိရဲ့ ဓာတ်လိုက်နေပြီ။ဒါကြောင့် ခွာမရဘဲ တကောက်ကောက်လိုက်တာပေါ့။
*ဥပတိဿ(အရှင်သာရိပုတ္တရာလောင်းလျာ)နှင့် ကောလိတ(အရှင်မဟာမောဂ္ဂလာန်လျောင်းလျာ) - မဟာသက္ကရာဇ် ၁၀၃-ခု တပို့တွဲလဆန်း ၁ -ရက်နေ့မှာ သောတာပန် ဖြစ်ကြ၏။
***ဩဝါဒပါတိမောက် - ၃ ဂါထာ***
* ပထမဂါထာက *
ခန္တီပရမံ တပေါတိတိက္ခာ
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ
နဟိ ပဗ္ဗဇိတော ပရူပဃာတီ
နသမဏော ဟောတိပရံ ဝိဟေဌယန္တော
ခန္တီဆိုသော သည်းခံခြင်းသည် အကျင့်တွေထဲမှာ အမြတ်ဆုံး၊
နိဗ္ဗာန်ကို ဘုရားပစ္စေကဗုဒ္ဓါတို့ အမြတ်ဆုံးလို့ ညွှန်းပါတယ်၊
သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲတတ်တဲ့သူဟာ မကောင်းမှုကို ပယ်ရှားတဲ့ သူတော်ကောင်းလို့ နာမည်မရပါဘူး။
သူများကို ညှဉ်းဆဲတတ်တဲ့ပုဂ္ဂိုလ်၊ နှောင့်ယှက်တတ်တဲ့ပုဂ္ဂိုလ်ဟာ ငြိမ်းအေးအောင် ကျင့်တတ်တဲ့သူတော်ကောင်းဆိုတဲ့ နာမည်မရပါဘူး။
သူများကို သတ်ဖြတ်ညှဉ်းဆဲခြင်းမှ ရှောင်ကြဉ်ပြီးတော့ သနားကြင်နာတတ်တဲ့ ပုဂ္ဂိုလ်ဟာ မကောင်းမှုကို ပယ်ရှားတဲ့သူတော်ကောင်းဖြစ်တယ်။
သူများကို နှောင့်ယှက်ခြင်းမပြုဘဲ အများအပေါ်မှာ မေတ္တာစေတနာနဲ့ ကောင်းတဲ့စိတ်ထားနိုင်သူ၊ ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်သူဟာ ငြိမ်းအေးအောင်နေတဲ့သူတော်ကောင်းဆိုတဲ့ အမည်ကို ရတယ်။
သည်းခံခွင့်လွှတ်၊ အောင့်အည်းတတ်၊
မြင့်မြတ်အကျင့်ပေါ်လာသည်။
ကောင်းမှုသုံးတန်၊ အကျင့်မှန်၊
သည်းခံနိုင်မှ တိုးပွားသည်။
ကြီးသောချမ်းသာ၊ တောင့်တရှာ၊
ချမ်းသာငယ်ကို စွန့်ပါမည်။
ကြီးသောဆင်းရဲ၊ ကြောက်လျှင်လည်း
ဆင်းရဲငယ်ကို သည်းခံမည်။
သည်းခံသလောက်၊ စွမ်းအားရောက်
ထွန်းတောက်အာဇာနည်။
**ဒုတိယဂါထာက **
သဗ္ဗပါပဿ အကရဏံ
ကုသလဿ ဥပသမ္ပဒါ
သစိတ္တ ပရိယောဒပနံ
ဧတံ ဗုဒ္ဓါန သာသနံ
(၁) မကောင်းမှုကို မလုပ်ရဘူး၊ (၂) ကောင်းတဲ့ကုသိုလ်တရားတွေကို အမြဲကြိုးစားပြုကျင့် အားထုတ်နေရမယ်၊
(၃) ကိုယ့်စိတ်ကို အရဟတ္တမဂ်၊ အရဟတ္တဖိုလ်အထိ ဦးတည်ချက် ထားပြီးတော့ နီဝရဏတွေကင်းအောင် ဖြူစင်အောင်အမြဲထားရမယ်၊
(ဒီ - ၃ ချက်ဟာ ဘုရားအဆူဆူရဲ့ အဆုံးအမဂါထာ)
*** တတိယဂါထာက ***
အနုပဝါဒေါ အနုပဃာတော
ပါတိမောက္ခေစ သံဝရော
မတ္တညုတာ စ ဘတ္တသ္မိံ
ပန္တဉ္စ သယနာသနံ
အဓိစိတ္တေစ အာယောဂေါ
ဧတံ ဗုဒ္ဓါ့န သာသနံ
(၁) သူများကို နှုတ်နဲ့ မစွပ်စွဲရဘူး(ဝါစာသီလ - နှုတ်သီလ)၊
(၂) သူများကို ကိုယ်နဲ့ မနှောင့်ယှက်ရဘူး၊ မညှဉ်းဆဲရဘူး(ကာယိကသီလ၊ ကိုယ်နဲ့ ထိန်းရမယ့်သီလ)၊
(၃) ပါတိမောက်သီလသံဝရ အကျဉ်း ၂၂၇သွယ်၊ အကျယ်ကုဋေ - ၉ ထောင်ကျော်ပေါ့၊
အဲဒါ လုံခြုံအောင် စောင့်ထိန်းတဲ့( လူတွေမှာတော့ ငါးပါးသီလ စသည်ပေါ့) အဲဒီတရားက ဣန္ဒြိယသံဝရ နဲ့ ပါတိမောက္ခသံဝရ သီလနှစ်မျိုးကို ပြောတယ်။
(၄) အစားအသောက်မှာ ခံယူသုံးဆောင်မှုမှာ အတိုင်းအရှည်ကို သိရမယ်၊ အဲဒါက အာဇီဝပါရိ သုဒ္ဓိသီလနဲ့ ပစ္စယသန္နိဿိတသီလ နှစ်ပါးကို ဆိုလိုတယ်။
(၅) ဆိတ်ငြိမ်ရာ ကယဝိဝေကဖြစ်တဲ့ နေရာမှာ တရားစွမ်းအားရအောင် နေထိုင်ကျင့်သုံးဖို့ပြတယ်။
(၆) ဝိပဿနာနဲ့ အခြေခံ၊ စိတ်တည်ငြိမ်အောင်ကြိုးစားအားထုတ်ပါတဲ၊ အဲဒါ ဘုရား အဆူဆူရဲ့ ဩဝါဒ။
အားလုံး ခြုံကြည့်ရင် - သီလ၊ သမာဓိ၊ ပညာ လိုဆိုတဲ့ သိက္ခာသုံးပါ။
သိက္ခာသုံးပါးရဲ့ အနှစ်ချုပ်ကလည်း နောက်ဆုံးတော့ အပ္ပမာဒ လို့ ခေါ်တဲ့ သတိပဲ။
အပ္ပမာဒံ ပသံသန္တိပုညကြိယာသုပဏ္ဍိတာ - ပဏ္ဍိတာ- ဘုရားအစရိသော ပညာရှိသူတော်ကောင်းတို့သည်၊ ပုညကြိယာတိ-ကောင်းမှုတရားကို ကြိုးစားပြုလုပ်အားထုတ်ခြင်းတို့၌၊
အပ္ပမာဒံ-မမေ့မလျော့မပေါ့မတန် ထက်သန်ထူးခြားအပ္ပမာဒ သတိတရားကို၊ ပသံသန္တိ - မြတ်စွာဗုဒ္ဓ၊ ဆုံးမစကား မြတ်တရားကြောင့် ထူးခြားလှစွာကောင်းစွာမသွေ ချီးမွမ်းတော်မူကြလေကုန်သတည်း။
ရိုသေမြတ်နိုး လက်စုံမိုးလျက်
တပည့်၊တပည့်မ
ဝင်းမြင့်၊မေဟန်
