Main Menu
  • မူလစာမျက်နှာ
  • ထေရုပ္ပတ္တိအကျဉ်း
  • တရားတော်အသံဖိုင်များ
  • တရားတော်ရုပ်သံဖိုင်များ
  • ဓမ္မစာအုပ်များ
  • တရားတော်စာမူများ
  • တရားတော်မှတ်စုတိုများ
  • ပဋိစ္စသမုပ္ပာဒ် ဉာတပရိညာသင်ခန်းစာ
  • မှတ်တမ်းဓာတ်ပုံများ
  • ရေးသားမျှဝေမှုများ(ဝင်းမြင့်)
  • Forum
Hosting Donated By
dnthitsartayar
ကျန်းမာအေးမြကြပါစေ

မြတ်စွာဘုရားရှင် မိန့်တော်မူသည်မှာ...

မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောဋ္ဋိရွာဆီသို့ ကြွရောက်တော် မူပြီးလျင် ထိုရွာ၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ -

ရဟန်းတို့ အရိယသစ္စာလေးပါးတို့ကို လျော်ကန်စွာ မသိခြင်းကြောင့်၊ ထိုးထွင်း၍ မသိခြင်းကြောင့်၊ ငါသည် လည်းကောင်း၊ သင်တို့သည်လည်းကောင်း၊ ရှည်လျားလှစွာသော ဤ(သံသရာ) ကာလပတ် လုံး ပြေးသွားခဲ့ရလှလေပြီ၊ ကျင်လည်ခဲ့ရလှလေပြီ။

အဘယ်လေးပါးတို့ကို(မသိခြင်းကြောင့်)နည်းဟူမူ-ရဟန်းတို့ ဆင်းရဲအမှန်(ဒုက္ခအရိယသစ္စာ)၊ ဆင်းရဲဖြစ်ကြောင်းအမှန် (သမုဒယအရိယသစ္စာ)၊ ဆင်းရချုပ်ရာအမှန် (နိရောဓအရိယသစ္စာ)၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ်အမှန် (မဂ္ဂအရိယသစ္စာ) ဖြစ်သည်။

ရဟန်းတို့ (ငါသည်) ထို အရိယ သစ္စာလေးပါးကို လျော်ကန်စွာ သိပြီ၊ ထိုးထွင်း၍ သိပြီ၊ ဘဝ၌ တပ်မက်ခြင်း( ဘဝတဏှာ) ကို အကြွင်းမဲ့ဖြတ်ပြီးပြီ၊ ဘဝသစ်သို့ ဆွဲဆောင်တတ်သော ကြိုးနှင့်တူစွာ ဘဝတဏှာသည် ကုန်လေပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းမရှိတော့ပြီ ဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် အပေါ်တွင် ရေးသားဖော်ပြခဲ့သော စကားကို မိန့်တော်မူပြီးလျင် ဤသို့ဆိုလတ္တံ့သော စကားကိုလည်း မိန့်တော်မူပြန်၏-

"အရိယသစ္စာလေးပါးတို့ကို ဟုတ်မှန်သောအတိုင်း မသိခြင်းကြောင့် ထိုထို ဘဝတို့၌ ရှည်လျားလှစွာသော(သံသရာ) ကာလပတ်လုံး ကျင်လည်ခဲ့ရလေပြီ၊ ထိုအရိယသစ္စာတို့ကို (ငါသည်) သိမြင်ပေပြီ၊ ဘဝသစ်ကိုဆွဲဆောင်တတ်သော ကြိုးနှင့်တူစွာ ဘဝတဏှာကို ကောင်းစွာနုတ်ပယ်ပြီး ပေပြီ၊ ဆင်းရဲ၏ အမြစ်ကို အကြွင်းမဲ့ဖြတ်ပြီးပေပြီ၊ ယခုအခါ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ" ဟု (မိန့်တော်မူ၏)။

*** မြတ်စွာဘုရားသည် သစ္စာလေးပါးတရားကို အလေးအနက်ထားတော်မူရခြင်း အကြောင်းရင်းကို စာဖတ်သူများ နားလည်သဘောပေါက်နိုင်ပါသည် ။ မြတ်စွာဘုရား၏ အလေး အနက်ထားမှုကို ကျွန်ုပ်တို့မှ လေးစားစွာဖြင့် နာကြားကျင့်ကြံရမည် မဟုတ်ပါလား….

မြတ်စွာဘုရားသည် ထိုကောဋ္ဋိရွာ၌ နေတော်မူစဉ်လည်း ရဟန်းတို့အား ဤသို့သော တရားစကားကိုသာလျင် အကြိမ်များစွာ ဟောတော်မူ၏ -

"ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကားပညာတည်း။

• သီလ၌တည်၍ ဖြစ်စေအပ်သော သမာဓိသည် များသောအကျိုးအာနိသင်ရှိ၏။

• သမာဓိ၌တည်၍ ဖြစ်စေအပ်သော ပညာသည် များသောအကျိုးအာနိသင်ရှိ၏။

• ပညာ၌တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ ဟူသော အာသဝေါတို့မှ ကောင်းစွာသာလျင် လွတ်မြောက်၏" ဟု(ဟောတော်မူ၏)။

လေးစားစွာဖြင့်

ဝင်းမြင့်

 

Copyright © 2010 Thitsartayar.Com
Donated by: Saydanarshinmalay Designed by: Thitsartayar.com