Main Menu
  • မူလစာမျက်နှာ
  • ထေရုပ္ပတ္တိအကျဉ်း
  • တရားတော်အသံဖိုင်များ
  • တရားတော်ရုပ်သံဖိုင်များ
  • ဓမ္မစာအုပ်များ
  • တရားတော်စာမူများ
  • တရားတော်မှတ်စုတိုများ
  • ပဋိစ္စသမုပ္ပာဒ် ဉာတပရိညာသင်ခန်းစာ
  • မှတ်တမ်းဓာတ်ပုံများ
  • ရေးသားမျှဝေမှုများ(ဝင်းမြင့်)
  • Forum
Hosting Donated By
dnthitsartayar
ကျန်းမာအေးမြကြပါစေ

အစ်မမိရှမ်းအတွက် မွေးနေ့လက်ဆောင်

အတွေးသန်သန် အမြင်မှန် လုပ်ရန်ကိစ္စ အသိရ
တွေ့ကြုံနေရတဲ့ ဒုက္ခပြဿနာတွေဟာ ရထားတဲ့ ခန္ဓာနဲ့ကင်းတာများ ရှိပါသလား? လို့ မေးခွန်းထုတ်ပြီး စီစစ်သုံးသပ်ကြည့်ပါ။
ဉာဏ်ကို သွေးသည့် အတွေးမျိုးကိုဖြင့် များများတွေးပေးရပေလိမ့်မယ်။ အတွေးသန်သလောက် အတွေးမှန်ရင်ဖြင့် အမြင်မှန်သို့ ခရီးပေါက်ပေလိမ့်မည်။ အတွေးသန်သလောက် အတွေး မမှန်ကန်ရင်တော့ဖြင့် အမြင်မှားတွေ ဖြစ်ပြီးဒုက္ခရောက်ရသည်ပါပဲ။
" အတွေးမှန်ဖြစ်ဖို့က မှန်ကန်တဲ့ ဗဟုသုတကို အခြေခံပြီး တွေးတတ်ဖို့လိုပါတယ် " ဆိုတာကိုဦးစွာပထမ လေးလေးနက်နက် စဉ်းစားပြီး ထုတ်ဖော်ရေးသားလိုပါတယ်။
ဒီတော့ "တွေ့ကြုံနေရတဲ့ ဒုက္ခပြဿနာတွေဟာ ရထားတဲ့ ခန္ဓာနဲ့ကင်းတာများ ရှိပါသလား လို့ " မေးခွန်းထုတ်ပြီး တွေးကြည့်ပါတယ်။
ဒီမေးခွန်းကလည်း တရားနာတဲ့ ဗဟုသုတ ကို အကြောင်းခံပြီး တွေးလုံးထုတ် မေးခွန်းတစ်ခုပါ။
အနည်ငယ် စဉ်းစားပြီး ချရေးကြည့်ပါမယ်..
အဓိက ပင်မ အနေဖြင့် စားရေးဒုက္ခ၊ ဝတ်ရေးဒုက္ခ၊ နေရေးဒုက္ခ၊ ကျန်းမာရေးဒုက္ခ စသည့် ဒုက္ခ တို့သည် ရထားတဲ့ ခန္ဓာနဲ့ ကင်းသလား? လို့ ဆိုတော့ မကင်းဘူးနော်...
" ဒါရထားလို့ ဟိုဟာတွေ လိုနေတာပ" လို့သာ ရိုးရှင်းသော အဖြေထွက်ပါတယ်။
မိသားစု ဒုက္ခလို့တော့ ဆိုလို့မရပေမယ့်... ကမ္ဘာကြီးပူနွေးလာတဲ့ ပြဿနာကရော ရထားတဲ့ ခန္ဓာနဲ့ ကင်းသလား ဆိုတော့ မကင်းပြန်ဘူးနော်...
"ဒါရှိလို့ ဟိုဟာဖြစ်လည်းပူရ၊ ဒီဟာဖြစ်လည်းပူရ ဖြစ်နေတာပ " လို့သာ ရိုးရှင်းသော အဖြေထွက်နေပါတယ်။
 ဗြုန်းစားကြီးတွေးလိုက်ရင် တွေ့နေရတဲ့ ဒုက္ခ ပြဿနာတွေက ရထားတဲ့ ခန္ဓာနဲ့ မဆိုင်ဘူးလို့ ထင်ရပေမယ့်။ ဒါကြီးရနေလို့၊ ဒါကြီးရှိနေလို့ ဆိုတာဖြင့် စေ့စေ့တွေးရင် ရေးရေးပေါ်ပါတယ်။ ဒါကြီးဆိုတာ ခန္ဓာပဲ မဟုတ်ပါလား?
အထင်ရှားဆုံးဖြစ်တဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်း ဒုက္ခကတော့ ရထားတဲ့ ခန္ဓာကြောင့်ဆိုတာ အရှင်းဆုံးသော အဖြေထွက်ပါတယ်။
ဒီတော့ ဟုတ်ပြီ.... တွေ့ကြုံနေရတဲ့ ဒုက္ခပြဿနာတို့က ခန္ဓာနဲ့ မကင်းဘူး၊ ဒါရထားလို့ ဒီဒုက္ခ-ဒီပြဿနာတို့နဲ့ တွေ့ကြုံနေရတာလို့ ဉာဏ်အလင်းပေါက်ရင် - ဒီခန္ဓာကြီး ရနေရတာကကော ဘာကြောင့်လဲ လို့ တွေးလုံးဆက်ထုတ်ကြည့်ပြန်တယ်။
ဒီတွေးလုံးကို အဖြေထုတ်ပေးနိုင်တာကတော့ မြတ်ဗုဒ္ဓ၏ ပဋိစ္စသမုပ္ပာဒ်ဒေသနာတော်ပါပဲ။ ဗုဒ္ဓသာသနာတော်နဲ့သာ တွေ့ကြုံခွင့်မရရင် ဒီအတွေးလုံးကို အဖြေမှန် ထုတ်နိုင်မည်မဟုတ်၊ မရှင်းမရှင်းနဲ့ပဲ နောက်ဆုံးမရဏလက်ချက်မိမှာပဲ။
ပဋိစ္စသမုပ္ပာဒ်ဒေသနာတော်က ဘယ်လို အဖြေထုတ်သလဲဆိုတော့ ဒါကြီး(ခန္ဓာ) ကို ရနေတာသည် ဒါကို လိုချင်ပြီး ရကြောင်းတွေ အားထုတ်လို့ ရနေတာပဲ လို့ အဖြေထုတ်ပါသည်။
ရကြောင်းတွေ အားထုတ်တာက - သင်္ခါရ = ကံ ။
လိုချင်တာက - တဏှာ ။
ဒါနဲ့ စကားညှပ်လည်း ထည့်ကြည့်ပါမယ်...
ဒါကို မှ လိုချင်ရတယ်လို့ကွာ ... မင်းတော့ ဒုက္ခတွေ့တော့မှာပဲ... ဟိုကိုမှ သွားချင်ရတယ်လို့ကွာ...မင်းတော့ ဒုက္ခတွေ့တော့မှာပဲ လို့ ပြောကြတယ်နော်...
ဒီနေရာမှာ ဒုက္ခတွေ့ရတာသည် "ဒါကိုမှ" နှင့် " ဟိုကိုမှ" တို့ကြောင့် ဆိုတာ ဆုံးဖြတ်ချက်ချရင် လွဲပါ့မလား?။ ဒီ " ဒါကိုမှ" နှင့် "ဟိုကိုမှ" တို့ကို ညွှန်ကြားချက် ထုတ်ပြန်တာက - အဝိဇ္ဇာ ပါပဲ။
(ဒါကို လိုချင်ပြီး ရကြောင်းတွေ အားထုတ်လို့)  ဆိုတဲ့ စာသားကို တရားသား ဆွဲ ထုတ်ကြည့်ရင် - ဒါကို (အဝိဇ္ဇာ) လိုချင်ပြီး(တဏှာ) ရကြောင်းတွေ အားထုတ်(သင်္ခါရ=ကံ)လို့) ထွက်ပါတယ်။
ဒါကို ရရင် နောက်ဆက်တွဲ ဒုက္ခတွေ တစ်ပုံတစ်ခေါင်းကြီး ဆက်ပါမယ်ဆိုတာကို မသိတာ-မမြင်တာ-မစီစစ်တတ်တာ-မသုံးသပ်တတ်တာ-မဆင်ခြင်တတ်တာ-တလွဲမြင်မိ-တလွဲသုံးသပ်မိ-တလွဲထင်မိတာ= " အဝိဇ္ဇာ " လို့လည်း ဆန့်ပြီးတွေးကြည့်ရင် ရှင်းပါတယ်။
မမြင်တော့ -  လိုချင်တာပေါ့။ လိုချင်တော့ ရကြောင်းတွေ တွေးရ၊ ကြံရ။ ပြောစရာရှိ ပြောရ၊ သွားစရာရှိတာသွားရ၊ လုပ်စရာရှိတာ လုပ်ရ စသည်ဖြင့် ကံအမှုတွေ - အားထုတ်မှုတွေဖြစ်ရသည်ပါပဲ။
အဓိက အရင်းမြစ်၊ အရင်းခံကတော့ ဒါကို ရရင် နောက်ဆက်တွဲဘာဖြစ်မယ်ဆိုတဲ့ အကြောင်းခံ အကျိုးသင့် မမြင်တတ်တဲ့ "အဝိဇ္ဇာ" ဆိုတဲ့ တရားဆိုးပါပဲ။
ဒီအဝိဇ္ဇာ ဆိုတဲ့ တရားဆိုးက "သစ္စာတရား" ကို မနာဖူးသူမှာ (၁၀၀ %) "ရာခိုင်နှုန်းပြည့်" ကျေးဇူးပြုနေပါတယ်။ နာယူဖူးသူမှာ အလင်းရောက်၍ အမှောင်ကင်းဆိတ်ရသကဲ့သို့ တရားနာမှု၏ ကျေးဇူးပြုမှုကြောင့် ဖြစ်ပေါ်လာသောအသိဉာဏ်အလင်းကြောင့် ထိုအဝိဇ္ဇာ အမှောင်မှာ ကင်းပျောက်ရ၏ ပါပဲ။
ဒီတော့ မေးခွန်းက ထပ်ထွက်ပါတယ်။ တရားနာမှုနဲ့တင် အဝိဇ္ဇာ တရားဆိုးက အရှင်းကင်းပျောက်၏လော ပေါ့။

ဒီတော့ အဖြေကို ရှင်တော်မြတ်ဗုဒ္ဓ၏ ဉာဏ်တော်ဖြင့် ထုတ်ဖော်၍ ဟောညွှန်ပြသည့် ပုဂ္ဂိုလ်လေးမျိုးဖြင့် အဖြေရှင်းသွားပါတယ်ဗျ။

ပထမပုဂ္ဂိုလ်က -
သစ္စာလေးဝ၊မြတ်ဓမ္မကို၊ စ၍ဟောလင့်၊
ဉာဏ်ကိုဖွင့်က၊လွယ်လင့်ထုတ်ချောက်၊
တရားပေါက်မူ၊ ထိုသည့်သူ၊ တညူဥ ဂ္ဃဋိ။

ဒုတိယပုဂ္ဂိုလ်က -
အကျဉ်းတရား၊ ဟောတုံငြားက၊
တရားထင်ထင်၊ မသိမြင်ဘဲ၊
ချဲ့ထွင်ထပ်လျှောက်၊ အကျယ်ရောက်မှ
ထွင်းဖောင်သိမူ၊ ထိုသည့်သူ၊
တညူဝိပဉ္စိ။

တတိယပုဂ္ဂိုလ်က -
ဘုရားဟောဖော်၊ တရားတော်ကို
သင်သော်မယွင်း၊ နာယူခြင်းနှင့်၊
ရှင်းလင်းအောင်မေး၊ မြဲဆွေးနွေးလျက်၊
ကြံတွေးစဉ်းစား၊ ဘာဝနာပွားမှ၊
တရားရမူ၊ ထိုသည့်သူ၊ ခေါ်ယူနေယျပုဂ္ဂလ။

စတုတ္တပုဂ္ဂိုလ်က -
ဘုရားဟောဖော်၊ တရားတော်ကို
သင်သော်မယွင်း၊ နာယူခြင်းနှင့်
ရှင်းလင်းအောင်မေး၊ မြဲဆွေးနွေးလျက်
ကြံတွေးပို့ချ၊ တရားပြ၍
သီလသိက္ခာ၊ စင်ကြယ်စွာဖြင့်
ဘာသနာကမ္မဋ္ဌာန်း၊ လွန်ကြိုးပမ်းလည်း
ဉာဏ်စွမ်းမပြ၊ တရားမရဘဲ
ဘ၀နောင်ခါ၊ အထုံပါဖို့
ကျမ်းစာပုဒ်ပါဌ်၊ တတ်ရုံသာထိ
အကျိုးရှိ၊ ခေါ်ဘိ ပဒပရမ။
ဆိုပြီး ပုဂ္ဂိုလ် လေးမျိုးပါပဲ။

ယခုသိ ယုခထလုပ်သူအဖို့တော့ လုံးဝ (လုံးဝ)ကို အရှုံးမရှိပါဘူး။ အကြောင်းအမျိုးမျိုးပြပြီး မိမိကိုယ်မိမိ နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး နောက်ဆုတ် (နောက်ဆုတ်) လုပ်နေလို့ကတော့ - နှစ်ပေါက်တစ်ပေါက် ရိုက်ခြင်းရဲ့ အကျိုးဖြစ်တဲ့ - ရှိတာက (နှစ်ပေါက်) - ရိုက်တာက (တစ်ပေါက်)၊ လွတ်တဲ့အပေါက်က ကိုယ့်ကို ပြန်ရိုက်ရင်းနဲ့ပဲ အပယ်စခန်းမှာ ခေါင်းမပေါ်စတမ်းပါပဲ။
ဒုက္ခမိနေတဲ့ အခြေအနေနဲ့ ပတ်သက်၍ အဓိက အနှစ်ထုတ်တော့ ဒုက္ခဟူသမျှကို ဖန်တီးမှု လက်သည်က အမှန်ကိုမသိ- တလွဲသိ- သုတမရှိ သည့် အဝိဇ္ဇာ ဆိုတဲ့ တရားကို ခန္ဓာစဉ်မှာ လက်သပ်မွေးထားလို့ပါပဲ။လက်သပ်မွေးတယ်ဆိုတာ ဘယ်ကိုပြောတုံး ဆိုတော့ -
ဥပမာနဲ့ ပြောပြပါမယ်နော..
မိန်းမတစ်ယောက်ရဲ့ ခေါင်းမှာ သန်းတွေရှိတယ်ဆိုပါစို့ဗျာ...
အဲဒီမိန်းမက ခေါင်းလျှော်တဲ့ အမှုကို မလုပ်ရင်...အဲဒီမိန်းမကို - နင် သန်းတွေကို လက်သပ်မွေးနေတာလား? လို့ ပြောကြပါတယ်...
အခုလည်း အဲလိုပါပဲ... ဒီအဝိဇ္ဇာ တရားဆိုးကြီး ရှိနေပါလျက် နဲ့ တရားနာမှု၊ တရားနှလုံးသွင်းမှု အမှုကိစ္စကို မလုပ်သောသူ၊ မလုပ်ချင်သောသူ၊ လုပ်ရကောင်းမှန်း မသိသောသူသည် ဒီအဝိဇ္ဇာ ဆိုတဲ့ တရားဆိုးကို ခန္ဓာစဉ်မှာလက်သပ်မွေးထားတယ်လို့ ပြောရမှာပါပဲ...
သူ့ကို လက်သပ်မွေးတာသည် - သူခိုးကို ဓားရိုးကမ်းတာထက် ဆိုးတယ်ဆိုတာ ဉာဏ်နဲ့ အချက်အလက်ကလေးတွေ ဆွဲထုတ်ပြီး စီစစ်ကြည့်ပါ။
ရေးချလိုတောင် ကုန်မှာမဟုတ်ပါ။
ဥပမာ
အပယ်ဒုက္ခ၊ ဒါကို ကာလနဲ့ ထပ်ချဲ့ပြီးတော့ ဉာဏ်ဆန့်ရင် အဆုံးမရှိတဲ့ သံသရာတစ်လျှောက် ဒီအဝိဇ္ဇာလက်ချက်နဲ့ ဒုက္ခရောက်ရမှာပဲ။
သံသရာလည်တယ်ဆိုတာ ပြောရ၊ ကြားရတာသာ ဘာမှမဟုတ်သလိုပါ။ ဝမ်းထဲမှ ပဋိသန္ဓေနေရတဲ့ ဒုက္ခကို ဉာဏ်မှာ မပေါ်ရင် ထားလိုက်ပါအုံး... မွေးကင်းစ ဒုက္ခ... ဆို ဉာဏ်မှာ ပေါ်ပြီ- ငယ်စဉ် ဘဝ ကောင်းတယ်ဆိုတာက ကြီးမှ ပြောကြတာပါ။ ငယ်စဉ်က ဒုက္ခကို ကလေးဘဝမှာ အသိဆုံးပါ၊ ဆော့ချင်လို့ မဆော့ရတဲ့ဒုက္ခ၊ ရေခဲမုန့်စားချင်လို့ မစားရတဲ့ဒုက္ခ၊ လျှောက်စားလို့ ဖျားပြန်ပြီ၊ နာပြန်ပြီ ဒုက္ခ၊ စာကျက်ရတဲ့ဒုက္ခ၊ အရွယ်လေး ရောက်လာတော့ ရွပိုးထတဲ့ ဒုက္ခ၊ ရွချင်တိုင်း ရွလို့မှ မရတာနော.. အားလုံးက ငွေ ကို မှီပြီးမှ ရွရတာဆိုတော့ ဒီ ငွေ ကိစ္စကိုးက အကြီးအကျယ်ဆုံးသော ဒုက္ခပါပဲ... ဒီလိုနဲ့.. အချစ်ဒုက္ခ နဲ့ အချစ်ဒဏ်တွေရ၊ ဒဏ်လေးသက်သာတာနဲ့ တဏှာက ရွပိုးထ၊ ပြီးတော့ ညားခါစ ဒုက္ခ၊ မွေးခါစ ဒုက္ခ၊ ကျောင်းထားခါခ ဒုက္ခ၊ အိမ်ဆောက်ခါစ ၊ တိုက်ခန်းဝယ်ခါစ ဒုက္ခ၊ .... ဒီလို ခါစ ခါစ နဲ့ အဆုံးမသတ်ဘဲ နောက်ဆုံးတော့ မရဏလက်ချက်နဲ့ သေ၊ ခါစကာလမှာတုံးက အကုသိုလ်တွေနဲ့ ထုံမွှမ်းခဲ့လေသမျှ သေခါနီး မရဏဇောစိတ်တွေမှာပေါ်ပြီးတော့ အပယ်စခန်းမှာ ခေါင်းမပေါ်စတမ်း နစ်မြုပ်သွားရပေါ့... ပေါ်လာပြန်တော့ လည်း ခါစ...ခါစ....ဒုက္ခတွေနဲ့ တွေ့ရပြန်တာပါပဲ...
ဘာနဲ့တူတုံးဆိုတော့... ငယ်ငယ်က ကြားဖူးတဲ့ ပုံပြင်လေးလိုပါပဲ...
အဖွားက သူ့မြေးလေး သွားချေးတွေ နဲ့မို့ တစ်မတ်ပေးပြီး ကြံတစ်ချောင်း သွားဝယ်စားခိုင်းပါတယ်... ကလေးကလည်း လမ်းမှာ ကင်းစွန်းဥပြုတ် ရောင်းနေတာ တွေ့တာနဲ့ ဝယ်စားလိုက်ရော... ဒီလိုနဲ့ ကလေးလေး.. အိမ်ကို ရောက်လာရော.. အဖွားက သူ့မြေးလေး သွားကို ကြည့်တော့.. ထပ်လေသွားချေး ပိုတောင်များလာတာ တွေ့ရတယ်။ ဒါနဲ့.. မြေးရေ.. နင် ကြံစားလာတာများ ဟုတ်ရဲ့လားပေါ့.. မဟုတ်ဘူးအဖွားတဲ့.. ကင်းစွန်းဥပြုတ်တွေ့တာနဲ့ ဝယ်စားလာခဲ့တာတဲ့...
ဆိုလိုတာက...အဝိဇ္ဇာ ချေးကို ချေးကြော ခြွေချွတ်ဖို့ သုဂတိကို ရောက်လာပါတယ်... ဘုရားသာသနာနဲ့လည်း တွေ့ကြုံပါတယ်... ဒါနဲ့.. ချွတ်လားဆို မချွတ်ဘူး၊ ခါစ..ခါစ...နဲ့ နှစ်ပါးသွားဇာတ်ကပြီး ပိုလို့တောင် ထပ်လေသချေးနဲ့ အချေးအထပ်ထပ် နဲ့ ဌာနီ အပယ်မှာ အလီလီပေါ့...
ဒါတွေ မသိရင်တော့ မျက်ကန်းသစ္ဆေ မကြောက်သလိုပါပဲ...
သိမှ သံသရာလည်မှာ ကြောက်တတ်တာ... အချေးကို မချွတ်ဘဲ ထပ်လေသချေး အချေးအထပ်ထပ်နဲ့ အပယ်စခန်းမှာ ခေါင်းမပေါ်စတမ်းဖြစ်နေရတာကို ရှက်တတ်တာ...
တရားဆိုးတွေရော၊ တရားကောင်းတွေရော က အင်မတန်မှကိုး သိမ်မွေ့နက်နဲစွာနဲ့ ကျေးဇူးပြုတတ်တဲ့ သဘာဝ သဘောတရားတွေပါ...
မြတ်ဗုဒ္ဓ၏ တရားတော်ကို ကြားနာခွင့်ရ ... အားထုတ်ခွင့်ရမှ ဒီ သိမ်မွေ့နက်နဲတဲ့ ဓမ္မရဲ့ သဘာဝတွေ သိနိုင်ခွင့်ရမှာပါ။
ဒါကြောင့်မို့ သစ္စာတရားများ နာယူကြဖို့နှင့် သစ္စာနဲ့ယှဉ်ပြီး ခန္ဓာကို ကြည့်တတ်ဖို့..(သစ္စာနဲ့ယှဉ်ပြီး ခန္ဓာငါးပါး၊ ရုပ်နာမ်တရား၏ ဖြစ်စဉ်ကို ကြည့်တတ် နှလုံးသွင်းတတ်ဖို့ ) ကို သတိပေါ်စေ အသိဝင်စေ...အတွေးသန်စေဖို့ရည်သန်ရေးသားရင်းဖြင့် ဓမ္မမိတ်ဆွေ အစ်မ မိရှမ်း၏ မွေးနေ့မှာ ဓမ္မလက်ဆောင်အဖြစ် ရေးသား၍ ဓမ္မဖြင့် ကျေးဇူးဆပ်ပါသည်ခင်ဗျား။

ရိုသေလေးစားစွာဖြင့်
ဝင်းမြင့်
 
 

Copyright © 2010 Thitsartayar.Com
Donated by: Saydanarshinmalay Designed by: Thitsartayar.com