Main Menu
မူလစာမျက်နှာ
ထေရုပ္ပတ္တိအကျဉ်း
တရားတော်အသံဖိုင်များ
တရားတော်ရုပ်သံဖိုင်များ
ဓမ္မစာအုပ်များ
တရားတော်စာမူများ
တရားတော်မှတ်စုတိုများ
ပဋိစ္စသမုပ္ပာဒ် ဉာတပရိညာသင်ခန်းစာ
မှတ်တမ်းဓာတ်ပုံများ
ရေးသားမျှဝေမှုများ(ဝင်းမြင့်)
Forum
Hosting Donated By
ကျန်းမာအေးမြကြပါစေ
နေ့စဉ်သတိအမြဲရှိအောင် သတိဖော်ဆောင်
မင်္ဂလာပါဓမ္မမိတ်ဆွေတို့
မိုးကုတ်ဆရာတော်ကြီး၏ ဆန္ဒတော်မှာ ၇-ရက် သားသမီး အားလုံးတို့အား တရား နာနိုင်ကြပါစေ၊ နာသည့်အတိုင်း နားလည်ကြပါစေ၊ နားလည်သည့်အတိုင်း ခန္ဓာဉာဏ်ရောက်တရား အားထုတ်နိုင်ကြပါစေဆိုသည့် စေတနာ မေတ္တာကို ရှေ့ထား၍ ကြီးမားလှသော ကရုဏာတရားဖြင့် ဟောကြားဆုံးမတော်မူခဲ့ခြင်းဖြစ်ရာ ဆရားတော်ဘုရား၏ တရားတော်များကို နာယူဖတ်ရှုသည့်အခါ နာယူရင်း၊ ဖတ်ရှုရင်း ခန္ဓာဉာဏ် လှည့်ထားပါမှ ခန္ဓာအရှိကို ဉာဏ်နှင့် မိအောင် နှလုံးသွင်းနိုင်ကြပါမည်။
ဆရာတော်သည် စာအရှိကို အဓိက မထားမူ၍ ခန္ဓာအရှိကို ဖြစ်စဉ်ကိုက် ဟောပြောဆုံးမခြင်းဖြစ်ရာ မိမိသန္တာန်မှာ ရုပ်နာမ် နှစ်ပါးမျှသာ ရှိသည်။ ၎င်း ရုပ်နာ် နှစ်ပါးကလည်း ဖြစ်ပြီးပျက်သည့်တရားများသာ ဧကန်မုချ ဖြစ်တယ်ဆိုတာ ခန္ဓာဉာဏ်ရောက် ဟောပြောတော်မူခြင်းဖြစ်၍ ခန္ဓာကို ဉာဏ်နှင့် လှည့်ဖြစ်အောင် လှည့်ကြပါရန် တိုက်တွန်းပါသည်။
ဆရာတော်ဘုရားကြီးသည် ရံဖန်ရံခါ သံဝေဂဉာဏ် ရမှုကို ရှေးရှုပြီး ဟောတော်မူသဖြင့် အနည်းငယ် ကြမ်းသည်ဟုထင်ချင် ထင်ကြပေလိမ့်မည်။ ဒကာရင်း ဆရာရင်းပီပီ ဟောတော်မူခြင်းဖြစ်၍ ဒကာ ဒကာမများ အလိုကို နည်းနည်းမှ မလိုက်ဘဲ မညှာမထောက် ဩတ္တပ္ပ သံဝေဂမှ စ၍ ဓမ္မသံဝေဂအထိရစေခြင်းငှာ ဟောတော်မူခြင်းဖြစ်သည်ဟု နားလည်တော်မူကြရန် ဖြစ်ပါသည်။ ဤမျှ သံဝေဂဖြစ်အောင် ဟောတော်မူသည်ကိုပင် အိမ်အရောက် ပါကြသူများ၊ ဆောင်ယူသူများ အရေအတွက်များချင်မှ များပေလိမ့်မည်။
ဆရာတော်ဘုရားကြီးသည် ဒကာ ဒကာမတို့အား တစ်ဘဝတည်းနှင့် ကိစ္စပြီးစီးအောင်အထိ အတော်ပင် အပင်ပန်းခံကာ သယ်ယူကယ်တင် ပို့ဆောင်တော်မူရှာပါသည်။ မိမိဘက်မှ လိုလေးသေးမရှိရအောင် ကယ်တင် ပို့ဆောင်တော်မူပါသော်လည်း ဒကာ ဒကာမတွေဘက်က လိုနေကြသေး၍သာဟု ဆိုရပေလိမ့်မည်။
ဆရာတော်ဘုရားကြီးသည် သားရေး၊ သမီးရေး၊ စီးပွားရေးနှင့် တဏှာခိုင်းသမျှ တဏှာကျွန်အဖြစ်နှင့် အချိန်တွေ ဖြုန်းတီးနေခြင်းကို အထူးကဲ့ရဲ့တော် မူခဲ့ပါသည်။ ဆုံးမတော် မူခဲ့ပါသည်။ သား၊ မယားခြေရင်း တဏှာကျွန် အဖြစ်နှင့် ခေါင်းစင်းပြီးသေတာလောက် အရုပ်ဆိုးတာ မရှိဘူးဟု စာရေးသူ(ဦးသံဒိုင်)အား မကြခဏ ဆုံးမတော်မူခဲ့ပါသည်။
ဤသို့ပြောဆို ဆုံးမခြင်းအားဖြင့် ဆရာတော်ဘုရားသည် စီးပွားရေးအလုပ် မလုပ်ရဘူးဟု မဆိုလိုပါ။ မိမိကိစ္စရှေ့ထားပါ။ သားသမီးရေး၊ စီးပွားရေး နောက်ထားပါဟူ၍ ဆိုလိုရင်းဖြစ်ပါသည်။ မိမိတို့၏ အပါယ်ဘေးကို စိတ်ချရအောင် အလျင်လုပ်ပါဦး၊ အပါယ်စိတ်ချရသည့်အခါ သားရေး၊ သမီးရေး၊ စီးပွားရေးကို လုပ်ပါဟု အထူးသတိပေးတော်မူပါသည်။
လူတိုင်း လူတိုင်းဆိုသလို အခွင့်သာလျှင် အပါယ်အကျိုးပေးမည် ဆိုတဲ့ ကံတွေ အနန္တက နောက်ကျောကတန်းလန်းကြီး ပါနေတော့၊ ဒါန၊သီလ၊ သမထအစွမ်းကြောင့် နတ်ပြည်၊ ဗြဟ္မာပြည် အကျိုးပေးပြန်ယင်လည်း အထက်မြှောက်လိုက်တဲ့ ခဲလုံးပမာ အရှိန်သေတော့ ပြန်ကျပြန်ပါသေးတယ်ဆိုတာ အားလုံး သိရှိတော်မူကြပြီးသည့်အတိုင်း အပါယ်ဘေးကို စိတ်ချလောက်အောင် ပထမအဆင့်အနေနှင့် ကြိုးစားတော်မူကြစေလိုပါသည်။
ဆရာတော်ဘုရားကြီးက ” အပါယ်အကျိုးပေးနိုင်တဲ့ ကံတွေ အနန္တရှိတယ်ကွ၊ ဒါကို ဝိပဿနာ တည်းဟူသော ဆားတစ်လျက်နဲ့ ကြေပါတယ်ကွာ၊ လုပ်ကြစမ်းပါဟု ” များစွာတိုက်တွန်းတော်မူသည့်အတိုင်း နည်းလမ်းမှန်သော ဝိပဿနာတရားကို ရှာဖွေ စိစစ်တော်မူကြပြီးလျင် ရုပ်နာမ်ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ် အစရှိသော ဗုဒ္ဓဘာသာအခြေခံတရားကို နားလည်အောင် လေ့လာအားထုတ်ပြီးလျင် သတိပဋ္ဌာန် (၄)ပါးတွင် မိမိသန်ရာ အနုပဿနာတစ်ပါးပါးဖြင့် ရုပ်ဆိုလျှင် ရုပ်၏ဖြစ်ပျက်၊ ဝေဒနာဆိုလျှင် ဝေဒနာတို့၏ ဖြစ်ပေါ်ပြီး ပျက်ပျက်သွားတာ၊ စိတ်ဆိုလျှင် ပေါ်လာတဲ့စိတ်တွေ ပေါ် ၊ ပေါ်ပြီး ပျက်ပျက်သွားတာတွေကို ပထမမြင်အောင်ရှုပါ၊ နောက် ပြန်ပေါ်ပြီး ပျက်ပျက်သွားသည့်တရားတွေကို မုန်းလာသည်အထိ၊ ငြီးငွေ့လာသည်အထိ ကြိုးစား၍ ရှုပါ။ နောက်ဖြစ်ပျက်တွေ ဆုံးသွားသည်အထိ ရှုပါဟု တိုက်တွန်းပါသည်။
ထို့ကြောင့် ဆရာတော်ဘုရားကြီးက ဖြစ်ပျက်မြင်အောင်ရှု၊ ဖြစ်ပျက်မုန်းအောင်ရှု၊ ဖြစ်ပျက်ဆုံးအောင်ရှုဟု ဟောကြားဆုံးမတော်မူခဲ့ပါသည်။
ဖြစ်ပျက်သမျှ၊ သင်္ခါရ ၊ ဒုက္ခသစ္စာမှတ်။
ဖြစ်ပျက်မှုပင်၊ ငါကောင်ထင်၊ ခင်မင်သမုဒယမှတ်။
ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်။
ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင် သိမြင်မဂ်ဟုမှတ်။
အထက်ပါ လင်္ကာကလေးကိုလည်း နှုတ်ငုံဆောင်ထားလျှင် ကောင်းပါမည်။ ၎င်းပြင် ဆရာတော်ဘုရားကြီး ဟောခဲ့တဲ့ အောက်ပါ လင်္ကာကလေး တစ်ပုဒ်ကိုလည်း ဤနေရာတွင် ဖော်ပြလိုပါသည်။ အားထုတ်မည့် ဟောဂီးများအတွက် သင့်လျော်ပါသည်။
ယုံကြည် ကျန်းမာ၊ ဖြောင့်မှန်စွာနှင့်၊
လွန်စွာအားထုတ်၊ နာမ်နှင့် ရုပ်ကို၊
ဖြစ်ချုပ်သိမြင်၊ ဤငါးအင်၊
မှန်ပင် မဂ်ရကြောင်း။
ဤအင်္ဂါငါးပါးနှင့် ပြည့်စုံခဲ့လျှင် အမှန်ပင် မဂ်ရနိုင်သည် ဆိုတာယုံယုံကြည်ကြည်နှင့် ခန္ဓာငါးပါးပေါ်၌ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာတင်၍ (ဝါ) ဖြစ်ပျက်တွေမြင်လာအောင် အားထုတ်လျှင် အမှန် မဂ်ရသည်ဟု ယုံကြည်စွာနှင့် အားထုတ်ကြပါဟု တိုက်တွန်းပါသည်။ တစ်စတစ်စနှင့် ဖြည်းဖြည်းမှ အားထုတ်ရတာပေါ့ဆိုတဲ့ဟာမျိုးမှာတော့ ဝေးပါသေးရဲ့ဟု ဆရာတော်ဘုရားကြီးက မကြခဏ ဆုံးမတော်မူခဲ့ပါသည်။
ပထမ မဂ်သည် သိပ်အရေးကြီးပါသည်။ ပထမ မဂ်ကို ပေါက်မြောက်အောင် အားထုတ်ထားပြီးနောက် မိမိတို့ သားရေး၊ သမီးရေး၊ စီးပွားရေး စသည်တို့ကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါသည်။ ပထမ မဂ်အောင်မြင်ခြင်းသို့ ရောက်မှသာ အပါယ်ဒုဂ္ဂတိဘေးက လွတ်မြောက်ကြမည်ဖြစ်ပါသောကြောင့် သေတာပတ္တိမဂ် ရတဲ့သူသည် သိကြားမင်း၊ ဗြဟ္မာမင်း၊ စကြဝတေးမင်းတို့၏ အဖြစ်ကို ရတာထက် ပို၍မြတ်သည်ဟု ဘုရားရှင်က ဟောကြားထားခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် သိကြားမင်း၊ ဗြဟ္မာမင်း၊ စကြဝတေးမင်း အဖြစ်ဆိုတာ ဝိနိပါတဘေးက မလွတ်ကြကုန်သေးသောကြောင့် ဖြစ်ပါသည်။
သို့ဖြစ်ပါသောကြောင့် ဝိပဿနာ နည်းမှန်၊ နည်းစစ်များကို သေသေချာချာစုံစမ်းပြီးလျှင် မိမိတို့ကိုယ်ကို မိမိတို့ ကယ်တင်တဲ့ အလုပ်ကိုဖြင့် လုပ်ကြပြီးလျှင် သံသရာခရီးသည် အမြုပ်သမား၊ အမျောသမားဘဝမှ အဆန်သမားဘဝသို့ ရောက်အောင် အားထုတ်နိုင်ကြပါစေကုန်သတည်း။
ဦးသံဒိုင်
(23-3-1963)
သူတော်ကောင်းများ၏ ဆုံးမတိုက်တွန်းချက်များမှာ အင်မတန်တန်ဖိုးကြီးမားလှသည်။ နှလုံးသွင်း ခံယူ သတိမူ၍ ကိုယ့်အပယ်ဒုက္ခကို ဝိပဿနာဆားတစ်လျက်ဖြင့် ကြေအောင် လုပ်ဆောင်နိုင်ကြစေရန်အလို့ငှာ အထောက်အကူပြု ရည်ရွယ်ဦးတည်၍ မျှဝေမှု ပြုပါသည်ခင်ဗျား။
ကံစွမ်းလေး မခမ်းသေးလို့သာပ
မျှဝေရ ဤစာကို ငါ့မှာမူ ဖတ်နေရလည်း
အလုပ်ကို မထူလျင် ဗျာဓိဝင်မှဖြင့်
ငါ့မှာ အချိန်လင့်ပြီတကား…
လေးစားစွာဖြင့်
ဝင်းမြင့်
Copyright © 2010 Thitsartayar.Com
Donated by: Saydanarshinmalay
Designed by: Thitsartayar.com