Hosting Donated By
ကျန်းမာအေးမြကြပါစေ
ဝိပဿနာမိတ်ဆက် အခန်းဆက်များ
| Article Index |
|---|
| ဝိပဿနာမိတ်ဆက် အခန်းဆက်များ |
| ဝိပဿနာမိတ်ဆက်(၂) သို့ |
| ဝိပဿနာမိတ်ဆက်(၃) သို့ |
| ဝိပဿနာမိတ်ဆက်(၄) သို့ |
| ဝိပဿနာမိတ်ဆက်(၅) သို့ |
| ဝိပဿနာမိတ်ဆက်(၆) သို့ |
| All Pages |
Page 1 of 6
ဝိပဿနာမိတ်ဆက်(၁)
” ပုထုဇဉ်သတ္တဝါသည် လူအဖြစ်၌တည်နေသော်လည်း အတ္တဒိဋ္ဌိနှင့်တကွ အသင်္ချေအနန္တပါရှိနေသည့်အတွက် အပါယ်လေးပါးသို့သာ ကိုင်းရှိုင်းလျက်ရှိနေ၏၊ ပုထုဇဉ်သတ္တဝါမည်သည် လူ့ဘုံ လူ့ဘဝက သေလွန်လျင် အပါယ်လေးပါးသို့ ကျရောက်ကုန်၏။ ထိုထိုနတ်ဘုံနတ်ဘဝတို့မှ သေလွန်လျှင်လည်း အပါယ်လေးပါးသို့ ကျရောက်သူ အလွန်များကုန်၏၊ ဗြဟ္မာဘဝတို့မှ သေလွန်လျှင်လည်း အဆင့်ဆင့်အားဖြင့် အပါယ်လေးပါးသို့ ကျရောက်သူ အလွန်များကုန်၏။ အလွန်များကြောင်းကိုလည်း သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ် ပဉ္စအာမကဓည ပေယျာလဝဂ် နခသိခသုတ်တို့၌ ဟောတော်မူ၏၊ အပါယ်လေးပါးသို့ တစ်ကြိမ်ကျရောက်ပြန်လျှင်လည်း လူ့ဘုံလူ့ဘဝသို့ ပြန်လာနိုင်ရန် အလွန်ခဲယဉ်း၏၊ အပါယ်လေးပါး၌ ဘဝပေါင်း အသိန်းများစွာကျပြီးမှ တစ်ကြိမ်တစ်ခါမျှ လူ့ဘုံလူ့ဘဝသို့ ပြန်ခွင့်ရနိုင်၏။ ဤအကြောင်းကိုလည်း မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ သုညတဝဂ် ဗာလပဏ္ဍိတသုတ်၌ -
”သေယျထာပိ ဘိက္ခဝေ ပုရိသော ဧကစ္ဆိဂ္ဂလံ ယုဂံမဟာသမုဒ္ဒေ ပက္ခိပေယျ”
အစရှိသည်ဖြင့် ဟောတော်မူ၏။ ”
(လေတီဆရာတော်ဘုရားကြီး၏ နိုင်ငံခြားပုစ္ဆာအဖြေပေါင်းချုပ်စာအုပ်မှ)
ဤသို့ဖြင့် ထပ်ဆင့်...
မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်မှာတော်မူသည့်အတိုင်း
”သက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခို လုပ်နေမယ်ဆိုရင် အသေစောသွားရင် ကိုယ်ကျိုးနဲ့လိမ့်မယ်” ၊ ” ဝိပဿနာ အားမထုတ်ဘဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့နေတာသည် ဉာဏ်က မဦးဘဲနဲ့ အသေ ဦးသွားရင် ကိုယ့်အတွက် နာ – မည်။” ဆိုသည့် အဆုံးအမရေအေး ကို နှလုံးကို ထပ်လောင်းချလိုက်ပါ...
ဒီနေရာမှာ စာညှပ်ကလေး ထည့်လိုသည်က...
တောက်နေတဲ့ မီးကို ရေလောင်းခိုက်၌ ချဲခနဲ့တော့ အပူရှိန်ထွက်လာပါလိမ့်မယ်... ပြီးရင်တော့ အအေးဓာတ်က ကျေးဇူးပြုသွားပါလိမ့်မယ်...
အခုလည်း အထက်ပါ သတိပေးအဆုံးအမကို ဖတ်လိုက်ရသည်ဆိုသည်နှင့် လေးလေးနက်နက် တွေးခေါ်တတ်သူအဖို့ကတော့ ရင်ထဲမှာ သွေးတွေ ဂယက်ရိုက် ဆူတက်သွားတတ်ပါတယ်... ဒါသည် အသင်္ခေတအငြိမ်းဓာတ်ကို ကျေးဇူးပြုသည့် အပူဓာတ်လို့ မှတ်ယူရပါမယ်...
သတိပေးအဆုံးအမကို လေးလေးနက်နက်မတွေးဘဲ နမော်နမဲ့ထားလိုက်ရင် နှလုံးသားထဲက စီးဆင်းနေတဲ့ သွေးအဟုန် လှုပ်ကိုး မလုပ်ပါဘူး။ ဒါဆို ဗိုလ်နေမြဲ ကျားနေမြဲ သေရင် အပန်းစခန်းကို ဇောင်ပေးပြီး ဇောက်ထိုးဆင်းဖို့ပဲလို့ ဆုံးဖြတ်ချက် ချရပါမယ်...
လူ့ဘဝ..ကိုယ့်ဘဝရဲ့ အဓိကအရေးကို နောက်ကွယ်ထားပြီး သာမညအရေးကို ရှေ့တန်းတင်လုပ်ဆောင်နေမယ်ဆိုရင်... မြန်မာကို ၁၀ မိနစ်ဖုန်းကဒ်နဲ့ ခေါ်ရသလိုပ... ဘယ်လိုတုန်းဆိုတော့ - အစမှာ လှိုင်းအားမကောင်းလို့ ဖုန်းလှိုင်းမဝင်တာနဲ့ မိနစ်တွေက ရှေ့မှာ အဖြတ်ခံလိုက်ရပြီ။ ဖုန်းလည်းဝင်ရော နေကောင်းကျန်းမာ ပြောပြီး ပြောချင်တာလေး စကားစတာနဲ့ပဲ တောက်ခနဲဆို ဖုန်းလှိုင်းပြတ်သွားလေပြီ။ အခုလည်း အလည်လိုက်နေတာနဲ့ လူငယ်ပိုင်းမှာ ရှေ့ပိုင်းက အချိန်ဖြုန်းခဲ့ပြီ။ ဘယ်လောက်ထိ မသေချာသော သက်တမ်းမှာ အဓိကအရေးကို ရှေ့ပြေးလုပ်ပြီး အထောက်အပံ့ယူဖို့ စိတ်တော်မှမကြံ၊ တဏှာက အရိပ်ကို အယောင်ပြပြီး ချော့သိပ်နေတာကိုမှ ကြိုက်နေတဲ့ ကလေးကြီးများအဖို့ကတော့ မျက်စိကန်း တစ္ဆေမကြောက်ပေမယ့် သိသူကတွေးရင်တော့ဖြင့် သူ့အရေးက ရဲရဲပေါ်နေပြီ။
နမော်နမဲ့နဲ့ နေလာခဲ့တဲ့ အချိန်တွေ ကုန်ခဲ့ပြီဆိုတော့ ထားလိုက်ပါတော့...
အရိပ်ကိုအယောင်လုပ်ပြီး တံလျှပ်ကို ရေမှတ်လိုက်ရင်း သေမတတ် မောခဲ့တဲ့အချိန်တွေ ကုန်ခဲ့ပြီဆိုတော့ ထားလိုက်ပါတော့...
အခုတော့ဖြင့် ရှေ့သို့ ချီမယ့်အရေးမှာ နမော်နမဲ့ဆန်ဆန် မတွေး၊ လေးလေးနက်နက်တွေးပြီး လုပ်သင့်တာကို အချိန်ခွဲဝေပေးပြီး လုပ်သင့်ပါပြီ...လို့ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားချရပေလိမ့်မည်...
ဒီတော့ တိုတိုပြောကြပါစို့ဆို... သာသနာတွင်း လူဖြစ်ခွင့်ကြုံမှ ကြားခွင့်ရသော စကားလုံးဖြစ်သည့် " ဝိပဿနာ" ဆိုသည့် စကားကို မိတ်ဆက်ခွင့်ပေးလိုပါသည်။
ဝိပဿနာ ဆိုသော စကားလုံးသည် အချစ် ဆိုသည့် စကားလုံးကဲ့သို့ပင်...အချစ်သည် မခံစားဖူးသူများအတွက် အများသုံး ဝေါဟာရ သာဖြစ်၍ ခံစားဖူးသူအဖို့မှာ ကိုယ်ပိုင်သုံးဖြစ်သွားသည်။
ထို့ကဲ့သို့ပင် ဝိပဿနာ ဆိုသော စကားလုံးသည်လည်း အားမထုတ်သူအဖို့မှာ အများသုံး ဝေါဟာရ သာဖြစ်၍ အားထုတ်သူအဖို့မှာ ကိုယ်ပိုင်သုံးဖြစ်မည်။ ကိုယ်ပိုင်သုံးဖြစ်မှသာ ကိုယ်တိုင်ပဲ အကျိုးမြတ်ကို ခံစားခွင့်ရမည်ဟု ဆုံးဖြတ်ချက်ချရပေမည်။
ဝိပဿနာအလုပ် အားထုတ်သူတို့၏ မသေခင်ထိ တစ်မဂ်တစ်ဖိုလ်ပေါက် ခရီးမရောက်သော်မှ ဤအကျိုးမြတ်ရကြသည်ကို ဦးစွာပြဋ္ဌာန်းလိုသည်။
(လယ်တီဟောကိန်းတရားစာစုများ မှ ထုတ်နှုတ်၍ သက်သေပြဆိုခန်း)
ယခုအခါ၌ လူပြည်မှ ပြဆိုခြဲ့ပီးသော လောကီဓမ္မ(ဝိပဿနာဉာဏ်) အမွေကို အရအမိ ကြီုးစားအားထုတ်၍ သေသည်၏အခြားမဲ့၌ ထိုထို နတ်ပြည်မှာဖြစ်ကြရကုန်သော ရှင်ရှင်လူလူ သူတော်ကောင်းအပေါင်းတို့သည် မိမိ မိမိတို့ဖြစ်ရာနတ်ပြည်မှာ သုံးဌာနတို့၌ လောကုတ္တရာအမွေ(သောတာပတ္တိမဂ်ဖိုလ်၊
သကဒါဂါမိမဂ်ဖိုလ်၊ အနာဂါမိမဂ်ဖိုလ်၊ အရဟတ္တမဂ်ဖိုလ်) ကို ရနိုင်ကြယူနိုင်ကြကြောင်းကို အင်္ဂုတ္ထိုရ်ပါဠိတော်၌ သဗ္ဗညုမြတ်စွာဘုရား ဟောကြားတော်မူသည်။
သုံးဌာနဆိုသည်ကား--
ယခုအခါ လူပြည်မှ လောကီဓမ္မအမွေကို ရင်ခွင်ပိုက်၍ နတ်ပြည်၌ဖြစ်ကြလေကုန်သောသူတို့သည် ဖြစ်သည်၏ အခြားမဲ့၌ မဂ်ဖိုလ်ကို ရကြကုန်လတ္တံ့ဟူ၍တစ်ဌာန--၁။
ထိုသို့မိမိတို့အလိုအလျောက် မရတည်နိုင်ကြကုန်သည်ရှိသော် နတ်ပြည်၌ရှိနှင့်ကြကုန်သော အရိယာနတ်တို့၏ ဆုံးမချက်ကိုနာခံ၍ မဂ်ဖိုလ်ကိုရကြကုန်လတ္တံ့ဟူ၍။ တစ်ဌာန--၂။
ထိုသို့မရနိုင်ကြကုန်သည်ရှိသော် နတ်ပြည်ခြောက်ထပ်မှာ အစဉ်ထာဝရ တစ်လတစ်လလျှင် ရှစ်ကြိမ်ရှစ်ကြိမ် သုဓမ္မာတွင် ကြီးကျယ်စွာသော တရားနာအစည်းအဝေးတို့သည်ဖြစ်ကြကုန်၏။ ရံခါရံခါ သိကြားမင်း နတ်မင်းကြီးတို့သည် တရားဟောကြကုန်၏။ ရံခါရံခါ ဓမ္မကထိကနတ်သားတို့သည် တရားဟောကြကုန်၏။ ရံခါရံခါ ဗြဟ္မာပြည်မှလာ၍ ဗြဟ္မာဓမ္မကထိကနတ်သားတို့သည် တရားဟောကြကုန်၏။ ထိုတရားနာအစည်းအဝေးမှာ မဂ်ဖိုလ်ကို ရကြကုန်လတ္တံ့ဟူ၍။ တစ်ဌာန-၃။
ဤသို့ ယခုအခါ လူပြည်မှ မတ်ပြည်သို့ရောက်ကြရာ ရောက်ရာ နတ်ပြည်မှာ မဂ်ဖိုလ်နိဗ္ဗာန်ကိုရကြရန် သုံးဌာနကို ဟောကြားတော်မူသည်။
...
ဤသို့အားဖြင့် ဝိပဿနာအလုပ်ကို မိမိစိတ် ကိုင်းညွှတ်ဖြစ်ခဲ့သော် ဆက်ဖတ်ကြပါစို့ ဓမ္မမိတ်ဆွေတို့....
ဝိပဿနာအလုပ်သည် ဘာလဲဟုမေးလျှင် အမှန်တရားကို ရှာသောနည်းလမ်းဖြစ်သည်။ အမှန်တရားဆိုသည် သစ္စာလေးပါးကို ဆိုလိုသည်။ ထို့ကြောင့် ဝိပဿနာအလုပ်သည် သစ္စာလေးပါးအား မိမိဉာဏ်ဖြင့် ထိုးထွင်းသိ၊ ပိုင်းခြားသိအောင် ရှာသောနည်းလမ်းဖြစ်သည်။
ဝိပဿနာအလုပ်သည် ဗုဒ္ဓတရားတော်၌ မပါလျှင်မပြီးသော အလုပ်ဖြစ်ပါသည်။ သစ္စာသိရေး၊ မဂ္ဂင်လမ်းပွင့်ရေးနှင့် နိဗ္ဗာန်ရောက်ရေး၌ ဝိပဿနာမပါ၍ မပြီးပါ။ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ဟု စွဲစွဲမြဲမြဲ မှတ်ထားရပေမည်။
ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ တရားကြားနာရုံမျှနှင့် နိဗ္ဗာန် ပေါက်ရောက်ကြသည့် ပုဂ္ဂိုလ်များဟာ ခန္ဓာဉာဏ်လှည့်သည့် ဝိပဿနာဉာဏ်ကြောင့်ဖြစ်ပါသည်။ ဘုရားအလောင်းတော် သိတ္တဒ္ဓမင်းသား ဘုရားဖြစ်ခြင်းသည်ပင် ဝိပဿနာ အလုပ်ကြောင့်ဖြစ်ပါသည်။
ဤမျှဖြင့် ယနေ့အားထုတ်နေကြသည့် ဝိပဿနာအလုပ်၏ အရေးကြီးပုံကို သိရှိနိုင်ပြီ။ ဒီတော့ ဝိပဿနာ – ဝိပဿနာ ဆိုတော့ ထပြီးလုပ်ကြည့်အုံးမယ်,ဟ ဆိုတဲ့ အကြံနှင့် ထပြီးကြိုးစားတိုင်း ထမြောက်အောင်မြင်သည်ကား မဟုတ်ချေ။
ဝိပဿနာအလုပ်, မလုပ်ခင် ရှေ့ဘက်က အဟန့်အတားအနှောင့်အယှက်တို့ကို ရှေးဦးစွာ ဖယ်ရှားရသေးသည်။ အဟန့်အတား၊ အနှောင့်အယှက်တို့ ဆိုသည်ကား ဒိဋ္ဌိ နှင့် ဝိစိကိစ္ဆာတို့ပင်ဖြစ်သည်။
ဒိဋ္ဌိ နှင့် ဝိစိကိစ္ဆာတို့ကို ရှေးဦးစွာ အသိဉာဏ်ဖြင့် ခွာချ,ပယ်သတ်ရသေးသည်၊ (မဂ်ဉာဏ်ဖြင့် ပယ်ခွာသည်ကို မဆိုလို၊ ဉာတပရိညာ ဆိုတဲ့ အသိဉာဏ်သဘောအားဖြင့် ပယ်ခွာခြင်းကို ဆိုလိုသည်)။
ထိုသို့ မခွာဘဲ အလုပ်လုပ်နေလျှင် ထိုဝိပဿနာသည် ဒုဗ္ဗလဝိပဿနာဖြစ်နေ၏။
အားနည်းတဲ့ ဝိပဿနာ၊ အင်အားချည့်နဲ့တဲ့ ဝိပဿနာဖြစ်နေ၏။ ထို ဒုဗ္ဗလဝိပဿနာ ဖြစ်နေခဲ့လို့ရှိလျင် ထမြောက်အောင်မြင်မှု မရနိုင်တော့ချေ။
ထို့ကြောင့် ဒိဋ္ဌိ နှင့် ဝိစိကိစ္ဆာဖြုတ်မှုကို ရှေ့ထား၊ ဝိပဿနာအလုပ်ကို နောက်ထားဟု မိုးကုတ်ဆရာတော်ဘုရားကြီးက အဓိကထား မှားကြားခြင်းဖြစ်သည်ကို အလေးထားရပေမည်။
ဒိဋ္ဌိ ဆိုတဲ့ ရုပ်နာမ်ဓမ္မ ခန္ဓာ့အပေါ်မှာ အမြင်မှားမှု နှင့် ဝိစိကိစ္ဆာဆိုတဲ့ ရုပ်နာမ်ဓမ္မ ခန္ဓာ့အပေါ်မှာ သို့လော၊ သို့လော သံသယရှိမှုတို့ကို အနည်းငယ်မျှရေးသားဖော်ပြပါမည်။
အနာဂါမ် ဝိသာခ ကအမေးပြု၍ ရဟန္တာမ ဓမ္မဒိန္နာရဲ့အဖြေထဲမှ တိုရှင်းလိုရင်းကလေးဖြင့် ဖော်ပြလိုပါတယ်။
ရှင်ဓမ္မဒိန္နာ… ဘယ်တရားကို သက္ကာယလို့ခေါ်ပါသလဲလို့ ဝိသာခ ကမေးလိုက်တဲ့အခါ။
ခန္ဓာငါးပါး ရုပ်နာမ်တရားကို သက္ကာယလို့ ဖြေလိုက်ပါတယ်။
ဒီတော့ တို့က ဒီသက္ကာယအပေါ်မှာ ပုဂ္ဂိုလ် သတ္တဝါ သူ၊ ငါ၊ ယောက်ျား၊ မိန်းမဟု အမြင်မှား၊ အထင်မှား၊ အယူမှားဖြစ်နေတာကတော့ သက္ကာယအပေါ်မှာ ထင်မှားခြင်းဖြစ်တဲ့အတွက် သက္ကာယဒိဋ္ဌိ။
ဥပမာလေးတစ်ခုဖြင့် ပြပါမယ်။
အတိတ်က သင်္ခါရ ကံကြောင့်ဖြစ်တဲ့ မျက်စိအကြည်ရုပ်-ရူပက္ခန္ဓာ =ဖောက်ပြန်မှုသဘောစု နှင့် ဥတုကြောင့်ဖြစ်သော အဆင်းရုပ် နှစ်ပါးသည် ပဋိစ္စသမုပ္ပါဒ (အကြောင်း) အားဖြင့် ထိတွေ့ဖောက်ပြန်မှုနှင့်အတူတကွ ပဋိစ္စသမုပ္ပန္ဒ(အကျိုးတရား)တို့ဖြစ်တဲ့ (၁)ဝေဒနာက္ခန္ဓာ = ခံစားမှုသဘောစု၊ (၂) သညာက္ခန္ဓာ = မှတ်သားမှုသဘောစု၊ (၃) သင်္ခါရက္ခန္ဓာ = ပြုပြင်မှုသဘောစု၊ (၄) ဝိညာဏက္ခန္ဓာ = သိမှုသဘောစု ဆိုတဲ့ နာမ်တရား(၄)ပါးသည်ဖြစ်သွားတယ်။
ဒီလိုပဲ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ မနော ဆိုတဲ့ ကျန်တဲ့ အာယတနနေရာ ၅ ခုမှာလည်း အပေါ်ကသဘောအတိုင်းပဲ ဆိုင်ရာအာရုံ နှင့် ဆိုင်ရာ အာယတနတို့ ထိတွေ့ဖောက်ပြန်ကျေးဇူးပြုပြီး အကျိုးတရားနာမ်တွေအတူတကွဖြစ်သွားတယ်။ ဒါကတော့ ရုပ်နာမ်ခန္ဓာတစ်ခု၏ အကြောင်းအကျိုး ကျေးဇူးပြု ဖြစ်နေတဲ့သဘောကို ပြသွားတာပါ။
ဒီလို အကြောင်းအကျိုး ကျေးဇူးပြုဖြစ်နေတဲ့ ရုပ်နာမ်ခန္ဓာ သက္ကာယအပေါ်မှာ တို့က ပုဂ္ဂိုလ် သတ္တဝါ သူ၊ ငါ၊ ယောက်ျား၊ မိန်းမဟု အမြင်မှား၊ အထင်မှား၊ အယူမှားဖြစ်နေတာကတော့ သက္ကာယအပေါ်မှာ ထင်မှားခြင်းဖြစ်တဲ့အတွက် ဒီလို အမြင်မှား၊ အထင်မှား၊ အယူမှားကို ယခုအသိဖြင့် ပယ်ဖျောက်ရလိမ့်မည်။ ဒါဆိုရင် သက္ကာယဒိဋ္ဌိကို အသိဉာဏ်ဖြင့် ပြုတ်ပြီ။
ခန္ဓာ ၅ ပါး အပေါင်းအစုကို ခိုင်တယ်၊ မြဲတယ်ဟု မှားသောအယူကို သဿတဒိဋ္ဌိလို့ခေါ်ပါတယ်။ ရုပ်နာမ်ခန္ဓာငါးပါးက ခိုင်တယ်၊ မြဲတယ်ဆိုတဲ့တရားလားလို့ ဉာဏ်နဲ့ ဝေဖန်လိုက်တဲ့အခါကျတော့ ဖြစ်ပြီးပျက်ရတဲ့တရား ဖြစ်နေတယ်။ ဥပမာဗျာ.. စိတ်ကလေးတစ်ခုပေါ်ပြီး မြဲသလားလို့ ဝေဖန်လိုက်ပါ၊ မြဲတဲ့သဘောမရှိဘဲ ပျက်သွားရတယ်မဟုတ်လား? စိတ် ဆိုတဲ့နာမ်တရားက ရုပ်တရားအပေါ်မှာူမှီပြီးဖြစ်ရတယ်ဆိုတော့ နာမ်နှင့်ရုပ်က အတူဖြစ်ပြီး အတူပျက်ရတဲ့သဘော၊ ဪ…ဒီတော့ ပျက်ရတဲ့ရုပ်နာမ်ဓမ္မပဲလို့ မြင်တဲ့အခါကျတော့ ခိုင်တယ်၊ မြဲတယ်လို့ ယူထားတဲ့ သဿတဒိဋ္ဌိနေရာမှာ အမှန်ကိုသိတဲ့ သမ္မာဒိဋ္ဌိဖြစ်သွားတယ်။
ဒီရုပ်နာမ်တရားတို့က ပျက်ပျက်သွားပြီးရင် ပြီးပြတ်သွားတဲ့တရားလားလို့ ဝေဖန်လိုက်တဲ့အခါကျတော့ ရုပ်နာမ်အဟောင်းကပျက်ပြီး ရုပ်နာမ်အသစ်ကိုကျေးဇူးပြုသွားပြန်တယ်။ ဥပမာနဲ့ ပြရလျင် – မြင်တယ် ဆိုတဲ့ မြင်စိတ်ပေါ်တယ်၊ ပြီးတော့ လှတယ်နော်ဆိုတဲ့ အလှသိစိတ်ဖြစ်သွားတယ်။ ဒီတော့ မြင်တယ်- လှတယ်ဆိုတဲ့အပေါ်မှာ သုံးသပ်ဝေဖန်ကြည့်တော့ လှတယ်လို့သိစိတ်ကို မြင်စိတ်ကကျေးဇူးပြုသွားတယ်ဆိုတာ ထင်ရှားတယ်။ ဒီတော့ မြင်စိတ်နာမ်ရုပ်သည် ချုပ်ပျောက်ပြီးတော့ လှတယ်သိစိတ်နာမ်ရုပ်ကို ကျေးဇူးပြုသွားတဲ့သဘောတရားဆိုတာကို သိမြင်တော့ ရုပ်နာမ်ဓမ္မတွေက ပျက်ပြီးရင် ပြီးပြတ်သွားခြင်းတော့မဟုတ်ဘူး၊ အကြောင်းကျေးဇူးပြုပြီး ဖြစ်ရတဲ့သဘောကိုမြင်တော့ အကြောင်းတရားကိုပယ်ပြီးရုပ်နာမ်ဓမ္မကသေပြီးရင်ပြတ်ပြီလို့ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိက ပြုတ်ပြန်တယ်။ ဒီတော့ ဝိစိကိစ္ဆာကို ထပ်ဖြုတ်ကြမယ်။
ရှင်ဓမ္မဒိန္နာ… သက္ကာယ ဖြစ်ကြောင်းကတော့ ဘယ်သူပါလိမ့်မလဲလို့ ဝိသာခ သူဌေးက ထပ်မေးလိုက်တဲ့အခါကျတော့ တဏှာပဲ ရှင်ဝိသာခရဲ့ လို့ ဓမ္မဒိန္နာက ဖြေလိုက်ပါတယ်။
ဪ…ဒါဆိုရင် တို့ခန္ဓာငါးပါးကြီး ဘယ်သူတည်ထောင်ပါလိမ့်မတုံးဆိုတဲ့ဥစ္စာသည် ဘုံဘဝတပ်မက်နှစ်သက်တဲ့ တဏှာဆိုတဲ့ တရားပဲလို့ တို့ယခုသိပြီ။
ဒီတော့ ယခုဘဝ ဒုက္ခသစ္စာ ခန္ဓာငါးပါးကြီး ရနေတာဟာ ရှေးအတိတ်ကာလက သမုဒယသစ္စာ တဏှာတွေကြောင့် ရတာပဲလို့ ရှေးဖြစ်ကြောင်းကို သိလိုက်သဖြင့်လည်း ခန္ဓာဖြစ်ကြောင်းကို မသိတဲ့ ဝိစိကိစ္ဆာ စင်ကြယ်သွားပါတယ်။ ယခုဘဝရနေတာတွေဟာလည်း ယောက်ျား၊ မိန်းမတွေဆိုတာ အပြောနယ်ထဲကတော့ အပြောသာရှိ၍ အရှိပရမတ်နယ်ထဲမှာတော့ အမှန်ရှိက ဒုက္ခသစ္စာအစုအပုံကြီး ရနေတာပဲလို့ ယခုသိတော့ ဒိဋ္ဌိပြုတ်ပါပြီ။
ကဲ…ဒီတော့ သက္ကာယ ချုပ်ရာ အရှင်ဓမ္မဒိန္နာ ဘယ်ဟာပါလိမ့်မလဲလို့ ဝိသာခက မေးလိုက်ပြန်တော့ သက္ကာယတွေချုပ်ရာဆိုတာကတော့ တဏှာတို့၏ သေရာ ချုပ်ရာ ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ဆိုတာ သက္ကာယ တို့၏ ချုပ်ရာပဲ လို့ ဖြေလိုက်ပါတယ်။
ဪ…ဒီတော့ ” နိဗ္ဗာန်ဆိုတာ ရုပ်နာမ်-ဒုက္ခသစ္စာမရှိတဲ့အတွက်ရတဲ့ချမ်းသာတစ်ခုသာရှိတယ်” ဆိုတာ အခုတို့သိတော့ တရားနာ၊ တရားအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေပါလိမ့်လဲလို့ အမေးပြုလိုက်တဲ့အခါကျ တော့ ဒုက္ခကိုစွန့်ပြီး ချမ်းသာရှိတဲ့ဆီကို ရောက်အောင်သွားနေကြပါလားဆိုတာ အခု တို့သိရပြီ။
ဒါနဲ့ ဝိသာခ သူဌေးက ဆက်လက်ပြီး မေးတယ်၊ သက္ကာယတွေ ချုပ်ရာချုပ်ကြောင်းအကျင့် အရှင်ဓမ္မဒိန္နာ အမိန့်ရှိပါအုံးဆိုတော့ မဂ္ဂင်ရှစ်ပါးပဲ ဒကာကြီးရဲ့ တဲ့။
ဪ…ဒီတော့ မဂ္ဂင်ရှစ်ပါးကို ပွားများကျင့်ကြံ ကြိုးကုတ်အားထုတ်လိုက်လို့ ရှိရင်ဖြင့် သက္ကာယဖြစ်ကြောင်း သမုဒယ သေ၍ အကြောင်းသေသောကြောင့် အကျိုးရုပ်နာမ်တွေ ချုပ်ပြီးသကာလ သက္ကာယတို့၏ ချုပ်ရာ နိဗ္ဗာန်ရောက်တော့တာပဲဆိုတာသိတော့ တို့ယခု သီလဆောက်တည်ပြီးတော့ သမာဓိ၊ ပညာအလုပ် လုပ်နေတဲ့ ယခုဝိပဿနာအလုပ်သည်ကားဆိုရင် သက္ကာယတွေ ချုပ်ရာချုပ်ကြောင်းအကျင့်ပဲ ဆိုတာ အခု ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချလို့ရပြီ။
ကဲဒီတော့ မြတ်စွာဘုရားရှင် ကျူးရင့်တော်မူသည့် ဥဒါန်းတော်ဖြင့် နိဂုံးချုပ်ကြပါစို့။ ( ဝိပဿနာအားထုတ်မှု အလုပ်အပိုင်း နောက်ဆက်ခန်းဖြင့် ဖော်ပြပါမည်။)
အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ နကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကုဋံ ဝိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။
ယသ္မာ – အကြင်အကြောင်းကြောင့်၊ ပုနပ္ပုနံ – အဖန်တလဲလဲ၊ ဇာတိ – ပဋိသန္ဓေနေရခြင်းသည်၊ ဒုက္ခာ – ပင်ပန်းဆင်းရဲ ငြိုငြင်ခြင်းဖြစ်ရပေ၏။ တသ္မာ – ထိုသို့ ဆင်းရဲခြင်းဖြစ်ရသည့်အကြောင်းကြောင့်၊ ဂဟကာရံ – ခန္ဓာအိမ်ကို ကြိမ်ဖန်များစွာ ဆောက်လုပ်၍လာသော တဏှာ ယောက်ျား သင်လက်သမားကို ဂဝေသန္တော – ဉာဏ်ဖြင့်မွှေ၍ ရှာဖွေအပ်သော ငါသည်၊ အနိဗ္ဗိသံ အနိဗ္ဗိသန္တော – သင့်ကို မြင်နိုင် ဉာဏ်မဏ္ဍိုင်ကို မပိုင်ရသေးသောကြောင့်သာလျှင်၊ အနေကဇာတိ သံသာရံ – ဘဝများစွာ သံသရာကာလပတ်လုံး၊ သန္ဓာဝိဿံ – သံသရာ၌ကျင်လည်၍ ပြေးခဲ့ရလေပြီ။ ဂဟကာရက – ခန္ဓာအိမ်ကို အကြိမ်များစွာ ဆောက်လုပ်လာသော တဏှာ ယောက်ျား လက်သမား၊ တွံ – သင်၊ တဏှာယောက်ျားကို ၊ ဒိဌော – ပညာစက္ခုသဗ္ဗညုဖြင့် ယခုငါသည် မြင်အပ်ပြီးသော သူသည်၊ အသိ – ဖြစ်၏။ ပုန တဖန်၊ ဂေဟံ – အတ္တဘောတည်းဟူသော ခန္ဓာအိမ်ကို၊ န ကာဟသိ – သင်မပြုလုပ်ရတော့ လတ္တံ့၊ တေ – တဏှာယောက်ျား သင်,လက်သမား၏၊ သဗ္ဗာ – ခပ်သိမ်းကုန်သော ဖာသုကာ – ကိလေသာ တည်းဟူသော အိမ်၏ အခြင်တို့ကို၊ ဘဂ္ဂါ – ငါသည် ချိုးဖျက် အပ်ကုန်ပြီ၊ ဂဟကုဋံ – အဝိဇ္ဇာတည်းဟူသော အိမ်၏အထွက်တို့ကို၊ ဝိသင်္ခတံ – ဖျက်ဆီးအပ်ကုန်ပြီ။ မေ ငါ၏၊ စိတ္တံ – စိတ်သည်၊ ဝိသင်္ခါရံ – ပြုခြင်းကင်းသော နိဗ္ဗာန်သို့၊ ဂတံ – အာရုံပြုသောအားဖြင့် ရောက်ပြီ။ တဏှာနံ – တဏှာတို့၏၊ ခယံ – ကုန်ရာကုန်ကြောင်းဖြစ်သော အရဟတ္တ ဖိုလ်သို့၊ အဇ္ဈဂါ – ရောက်လေပြီ။
တဏှာ၏ ကုန်ရာဖြစ်သော ဝိပဿနာတရားတို့ကို ပွားများအားထုတ်ကြနိုင်ပါစေ။
လေးစားစွာဖြင့်
ဝင်းမြင့်
Prev - Next >>
