Main Menu
မူလစာမျက်နှာ
ထေရုပ္ပတ္တိအကျဉ်း
တရားတော်အသံဖိုင်များ
တရားတော်ရုပ်သံဖိုင်များ
ဓမ္မစာအုပ်များ
တရားတော်စာမူများ
တရားတော်မှတ်စုတိုများ
ပဋိစ္စသမုပ္ပာဒ် ဉာတပရိညာသင်ခန်းစာ
မှတ်တမ်းဓာတ်ပုံများ
ရေးသားမျှဝေမှုများ(ဝင်းမြင့်)
Forum
Hosting Donated By
ကျန်းမာအေးမြကြပါစေ
သောတာပန်အကြောင်းသိကောင်းစရာ ဆွေးနွေးမှုများ
မင်္ဂလာပါခင်ဗျား...
ဓမ္မမိတ်ဆွေ ကိုမိုး ၏ တောင်းဆိုချက်အရ သောတာပန်အကြောင်းသိကောင်းစရာ ဆွေးနွေးမှုများကို အောက်ပါအတိုင်း စုပေါင်းမျှဝေပါ၏။
---
မင်္ဂလာပါ..ခင်ဗျား...
သောတာပန်အကြောင်းသိကောင်းစရာပိုစ့်ကို အပိုင်းကလေးများခွဲ၍ မျှဝေသွားလိုပါသည်...
ပဒုံမာဖိုရမ်ဆွေးနွေးပွဲမှ ထုတ်နှတ်၍ မျှဝေသွားပါမည်..
ဒီခေါင်းစဉ်အစမှာ ပါပြီးတော့ ( သောတာပန်ကိုဦးတည်တာမို့ )မဆွေးနွေးတော့ဘဲ ကျန်နေတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ရေးချင်ပါတယ် ။ ကျွန်တော် လိုက်မှတ်ထားတာတွေကလည်း လို၊ တို ၊ ရှင်းတွေ ဖြစ်နေလို့ ဒီအတိုင်းပဲ ရေးပါရစေ။
ပုထုဇဉ် (၂) မျိုး ။
( ၁ ) အန္ဓ ပုထုဇဉ် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့်ပင် မသိသူ ။
(၂) ကလျာဏ ပုထုဇဉ် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်သော ဥာဏ်ရှိသူ ။
သောတာပန် (၂ ) မျိုး ။
(၁) စူဠသောတာပန် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်ပြီး ဖြစ်မှု ၊ပျက်မှု သဘောတရားကို မြင်သောပုဂ္ဂိုလ် ။ ( ၀ိပဿနာ ရှုလို့ ဥဒယ-ဘယ ဥာဏ်ကိုရောက်ရင်ကို အကျိုးများတယ် လို့ ဆရာတော်များ ဟောကြားကြတာ ဒါကြောင့်လည်း ဖြစ်ပါတယ် ။ )
အဆင့်အတန်း ။
(က) တစ်ဘ၀ ( သို့ ) နှစ်ဘ၀ အပယ် မလားပါ။
(ခ) အသိတရားအဆင့် ( ညာတပရိညာ )
(ဂ) အပွားအဆင့် ( တရားအားထုတ်မှု၍ ဒိဌိမပြုတ်သေး ၊ ဒုဗ္ဗလ ( အားနည်းသော ) ၀ိပဿနာ )
(၂) မဟာသောတာပန် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်ရုံသာမကဘဲ ၊ ဘာဝနာမယဥာဏ်ဖြင့် ကြိမ်ဖန်များစွာ ကြိုးစားပွားများနေသောကြောင့် ခန္ဓာ(၅)ပါး ၊ ရုပ်နာမ် (၂)ပါး၏ ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကို မုန်း ၊ ဖြစ်ပျက်၏ဒုက္ခာကြီး ချုပ်ဆုံးမှုကိုပါ မြင်သော ပုဂ္ဂိုလ် ။
မဟာသောတာပန် (၄)မျိုး ။
(က) သတ္တက္ခတ္တုပရ သောတာပန် = (၇) ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ
(ခ) ကောလံကောလသောတာပန် = လူနတ်ဘ၀ နှင့် ၂ ဘ၀မြောက်မှ ၊ ၆ ဘ၀မြောက်အထိသာ နေပြီးနိဗ္ဗာန်ဝင်သူ (၂၊၃၊၄၊၅၊၆ ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ )
(ဂ) ဧကဗီဇီ သောတာပန် = လူနတ်ဘ၀ နှင့် ၁ ကြိမ် သာနေပြီး နိဗ္ဗာန်ဝင်သူ
(ဃ) ဘုံစဉ်စံ သောတာပန် = သုဒ္ဓါဝါသ ဗြဟ္မဘုံကိုချန်ပြီး ကျန်သုဂတိဘုံများ တွင် တစ်ဘ၀ပြီး မြင့်ကာ မြင့်ကာ ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်သူ ( ၀ိသာခါ ၊ သိကြားမင်း ၊ အနာတပိဏ်- မိုးကုတ်တရားမှဥပမာ )
သောတာပန်နဲ့ ပုထုဇဉ် ကွာခြားချက်ကတော့ အပေါ်က ကိုတင့် ရေးထားတာတွေပါပဲ ။
(၁) ပုထုဇဉ် သည် လောဘ၊ဒေါသ၊မောဟ ၊ ကိလေသာ နဲ့ ဆုံရင် ဖြစ်ကြောရှည်တယ် ။ သောတာပန် သည် ဖြစ်ကြောတိုတယ် ။ ကိလောသာထတိုင်း သတိနဲ့ သိတယ် ။
(၂) ပုထုဇဉ် သည် ကိလေသာ နဲ့ ဆုံရင် ကိလေသာကို အလိုလိုက်တယ်။ အခွင့်အရေးပေးတယ်။ သောတာပန် က ငြိမ်းအေးအောင် ချက်ချင်းကြိုးစားတယ်။
(၃) ပုထုဇဉ် သည် အဟောပြောကောင်းသူနဲ့တွေ့ရင် အားလုံးပြောင်းလဲတွေဝေတယ်။ သစ္စာတရားအပေါ်မှာ ခိုင်မာသော ယုံကြည်မှု မရှိဘူး။ သောတာပန် က ထွက်မြောက်ရာလမ်းသည် မဂ္ဂ (၈)ဖြာ ဗုဒ္ဓသာသနာ မှာပဲရှိကြောင်း အကြွင်းမဲ့ ယုံတယ်။
..........စသည် ဖြင့် ( ၇)ချက်ပါပဲ ။
တရားထူးဖြင့် ချမ်းသာကြပါစေ ။
Solomon
(ဆက်ရန်)
==
မင်္ဂလာပါ..
သောတာပန်အကြောင်း သိကောင်းစရာ(၂) အပိုင်း(၂) အဖြစ် တရားမနာလျင် သောတာပန်မတည်နိုင် ဗွီဒီယိုဖိုင်လေးကို နာစေချင်ပါတယ်...
http://vimuttirasa.com/index.php?option=com_content&view=article&id=81:2009-04-09-14-14-19&catid=38:video&Itemid=78
လေးစားစွာဖြင့်
ဝင်းမြင့်
=====
သောတာပန်အကြောင်းသိစရာအတွက် သောတာပန်ဖြစ်ကြောင်းကို သိဖို့ အဓိက လိုသည်မို့ ...ဤအရေးကို သုံးသပ်လို့ ဓမ္မမိတ်ဆွေကိုပြေဇော်၏ တရားထူးရခြင်း ပိုစ့်ကို ထပ်မံမျှဝေလိုပါသည်...
တရားထူးရခြင်း....
ဗုဒ္ဓဘာသာဝင်အဖို့ တရားထူးရခြင်းနှင့်ပတ်သက်၍ ဘာသာရေးစကားဝိုင်းများတွင် မကြာခဏဆွေနွေးကြပါသည်။ တရားထူးရန် မည်သည့်အချက်များ ပြည့်စုံရမည်နည်း။ မည့်သို့ ဖြည့်ကျင့်ရမည်နည်း။ ဘုရားလက်ထက်တော်က တရားတစ်ပိုဒ် ကြားနာရုံဖြင့် တရားထူးရခြင်းနှင့် ယခုခေတ် ဘာဝနာ အထပ်ထပ်ပွါးများပြီးမှ တရားထူးရခြင်း ဘာများ ကွာခြားပါသနည်း စသော မေးခွန်းများအပေါ် အမျိုးမျိုး ထင်မြင်ချက် အကြံပြုချက်များ ဖတ်ရှုရပါသည်။ အချို့က တရားတစ်ပိုဒ်နာကြားရယုံဖြင့် တရားထူးရခြင်းသည် ၀ိပဿနာအလုပ် မပါဟုလည်း ထင်ကြသူများလည်း တွေ့ရပါသည်။
သို့နှင့် ဆရာတော်ကြီးများ ဟောကြားချက်များကို ဖတ်ရှုလေ့လာကြည့်မိပါသည်။ မိမိဖတ်ရှုမိသမျှ အချက်အလက်များကို လိုရင်းတိုရှင်း တင်ပြသွားပါမည်။ မိုးကုတ်ဆရာတော်ကြီး၏ တစ်ဘ၀သာသနာ စာအုပ်တွင် မြတ်စွာဘုရား ကိုယ်တိုင်ဟောကြားသော အင်္ဂုတ္တိုရ် ပါဋ္ဌိတော်အရ သောတာပန်ဖြစ်ရန် အင်္ဂါ ၄ ရပ်နှင့် ညီရမည်ဟု ဆိုထားပါသည်။
၁) သပ္ပုရိသသံသေဝေါ = သူတော်ကောင်းနှင့်ပေါင်းခြင်း။
၂) သဒ္ဓမ္မဿဝနံ = သစ္စာတရားမျိုးကိုရွှေး၍ နာခြင်း။
၃)ယောနိကော မနသိကာရ= မှန်မှန်ကန်ကန် ကြံဆနှလုံးသွင်းခြင်း။
၎)ဓမ္မာနုဓမ္မပဋိပတ္တ= ရနိုင်လောက်အောင် ဇွဲသန်သန်ဖြင့် အားထုတ်ခြင်း။
အထက်ပါအချက် ၄ ချက်ဖြင့် ပြည့်စုံမှ တရားထူးရမည်ဟု ဟောကြားထားပါသည်။ ” သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာနှလုံး၊ ကျင့်သုံးဇွဲသန်၊ သောတာပန် ဖြစ်ရန်အကြောင်းလေး” ဟု အတိုချုပ် မှတ်သားထားရန် လိုအပ်ပါသည်။ အထက်မဂ်များအတွက် နောက်ထပ်အင်္ဂါများလိုပါသေးလားဟု မေးလျှင် မရှိပါ။ ဤလေးချက်ဖြင့် ပြည့်စုံက အရဟတ္တမဂ်အထိ ရနိုင်ပါကြောင်းကို မြတ်စွာဘုရားက ဟောကြားထားခဲ့ပါသည်။
“စတ္တာရောမေ ဘိက္ခဝေ ဓမ္မာ ဘာဝိတာ ဗဟုလီကတာ သောတာပတ္တိဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ သကဒါဂါမိဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ အနာဂါမိဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ အရဟတ္တဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ ကတမေ စတ္တာရော-
သပ္ပုရိသသံသေဝေါ
သဒ္ဓမ္မဿဝနံ
ယောနိကော မနသိကာရ
ဓမ္မာနုဓမ္မပဋိပတ္တ “
မြတ်စွာဘုရား တရားဟောပြီးတိုင်း ကျွှတ်တန်းဝင်သူများစွာ ပေါ်ထွက်လာကြသည်။ သောတာပန် မည်မျှ၊ သကဒါဂမ်မည်မျှ၊ အနာဂါမ်မည်မျှ၊ ရဟန္တာမည်မျှ စသဖြင့် သိရှိနိုင်သည်။ တရားနာရုံဖြင့် တရားထူးရသည်ဟု ထင်မှတ်ကြသည်။ ” မကျင့်ပဲနှင့် တရားထူးရကြပါသလား၊ ဘယ်အချိန်ကျင့်လိုက်ကြပါသလဲ”မေးလျှင် ကျင့်၍ တရားထူးရကြပါသည်။ နားကတရားနာ၍ ဉာဏ်က ခန္ဓာလှည့်သည့်အချိန်တွင် ရကြသည်ဟု သိရပါသည်။ ” ဘယ်လောက်ကြာ ကျင့်လျှင် တရားထူးရပါသလဲ”လျှင် တရားကျင့်သူ အင်္ဂါရပ် ၅ ပါး(ပဓာနိယင်္ဂ ၅ ပါး)ပြည့်စုံလျှင် ရပါသည်။ ၄င်းတို့မှာ-
၁)မြတ်စွာဘုရားအပေါ် ယုံကြည်မှုရှိရမည်။
၂) ကျန်းမာသူဖြစ်ရမည်။
၃) စိတ်ထားဖြောင့်မတ်သူ ဖြစ်ရမည်။
၎) ဇွဲသန်ကြိုးစားအားထုတ်သူ ဖြစ်ရမည်။
၅) ဉာဏ်စွမ်းဉာဏ်စရှိရမည်။
တရားရသူ ပုဂ္ဂိုလ်လေးမျိုး ရှိပါသည်။ ယင်းတို့မှာ-
၁) ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်။ မြတ်စွာဘုရားအားထူးတွေ့ရပြီး တရားအကျဉ်းမျှ ကြားနာရရုံဖြင့် တရားထူးရသူ။
၂) ၀ိပဉ္စိတညူ ပုဂ္ဂိုလ်။ တရားအကျဉ်းဟောရုံဖြင့် နားမလည်၊ အကျယ်ဟောပြမှ တရားထူုးရသောသူ။
၃) နေယျပုဂ္ဂိုလ်။ အကျဉ်းအကျယ်ဟောရုံဖြင့် သဘောမပေါက် အကြိမ်ကြိမ် အထပ်ထပ် ဆွေးနွေးမေးမြန်းပြီး ဘာဝနာပွါးမှ တရားထူးရသူ။
၎) ပဒပရမ ပုဂ္ဂိုလ်။ တရားနာခြင်း ဆွေးနွေးမေးမြန်းခြင်း ဘာဝနာပွါးများခြင်းများ ပြုလုပ်သော်လည်း ဤဘ၀၌ တရားထူးမရနိုင်။ နောက်နောင်ဘ၀များတွင် တရားထူးရရန် အထုံဗီဇအဖြစ်သာ ရရှိသူ။
ပုဂ္ဂိုလ်လေးမျိုးရှိတဲ့အနက် အကျဉ်းမျှနာကြားရရုံဖြင့် တရာထူးရသူတို့သည် ၀ိပဿနာတရား အားမထုတ်ရပဲ မဂ်ဖိုလ်ရသည်ဟု မမှတ်ယူသင့်ပါ။ မဟာစည်ဆရာတော်ကြီး၏ ဓမ္မာစင်္ကြာတရားတော်(၁)အရ သတိပဌာန်တရားလေးပါးမှ ကင်းလွတ်ပြီး မဂ်ဖိုလ်ရခြင်းသည် မရှိဟု ဟောကြားထားသည့်အတွက် တရားနာရုံဖြင့် ဉာဏ်က ခန္ဓာကို မလှည့်ပဲ တရားထူးရစရာမရှိဟု ဟောကြားထားပါသည်။ နာကြားယုံဖြင့် တရားထူး မရနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သတိပဋ္ဌာန်၏အာရုံဖြစ်သော ရှုကွက်ဖြစ်သည့် ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မသဘောတရားတို့အနက် တစ်ခုခုကိုမျှ မရှုပဲ ၀ိပဿနာပညာလည်း ဖြစ်ရိုးမရှိ၊ အရိယာမဂ်လည်း ဖြစ်ရိုးမရှိဟု မဟာစည်ဆရာတော်ကြီးဟောကြားထားပါသည်။ ထိုသို့ ရှုမှတ်ရာတွင် “တရားနာဆုံးသည်နှင့် ရနိုင်လောက်အောင် သမာဓိရရန် အချိန်မလိုဘူးလား”ဟု မေးစရာရှိပါသည်။ မဟာစည်ဆရာတော်ကြီးက သုဒ္ဓ၀ိပဿနာယာနိကလမ်းဖြင့် သွား၍ ခဏိကသမာဓိရသည်နှင့် ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ ဖြစ်ပျက်ကို သိမြင်နိုင်ပါသည်ဟု ဟောကြားထားပါသည်။ ခဏိကသမာဓိကို ၀ိပဿနာ သမာဓိဟုလည်း ခေါ်ပါသည်။ သမာထ၀ိပဿနာယာနိကလမ်းနှင့် ကြည့်လျှင် ဥပစာရသမာဓိနှင့် ဆင်တူသည်ဟု ဆိုပါသည်။ နီဝရဏခေါ် ဆန့်ကျင်ဘက်ကိလေသာများ မနှောက်ယှက်နိုင်အောင် တည်ကြည်သောစိတ် အခိုက်အတန့်ကလေးအတွင်း ဖြစ်လာသော ခဏိကသမာဓိ (သို့) ဥပစာရသမာဓိတို့ဖြင့် ရုပ်နာမ်အာရုံကို အမှန်အတိုင်းသိမြင်နိုင်ပြီး အရဟတ္တမဂ်အထိပင် ပေါက်ရောက်နိုင်ကြောင်း ဟောကြားထားပါသည်။ ထို့ကြောင့် အမှတ် ၁ ပုဂ္ဂိုလ်များသည် တရားနာရင်းဖြစ်စေ နာင်္ပြီးလျှင်ပြီးခြင်းဖြစ်စေ ခဏိကသမာဓိဖြင့် အရိယာမဂ်ရသွားသည်ဟု မှတ်ယူရပါမည်။ ရုပ်နာမ် မရှုပဲ ကျက်မှတ်လေ့လာ သရုပ်ခွဲ ဆင်ခြင်ရုံဖြင့် ၀ိပဿနာဉာဏ် အရိယာမဂ်ဉာဏ် သမ္မာဒိဌိ မဂ္ဂင် အစစ် မဖြစ်နိုင်ကြောင်း ဆရာတော်ကြီးက မိန့်ကြားထားပါသည်။
ယနေ့ခေတ်လူတို့မှာ အမှတ် ၁ နှင့် ၂ ပုဂ္ဂိုလ်များ မရှိသလောက် ရှားသွားပြီဟု မိမိထင်မြင်မိပါသည်။ အမှတ် ၃နှင့် ၄ ပုဂ္ဂိုလ်များ ဖြစ်ဖို့များပါသည်။ မိမိကိုယ်တိုင် အမှတ် ၃ လား၊ ၄ လားဆိုသည်ကို တရား အားမထုတ်ကြည့်ပဲ မသိနိုင်ပါ။ မိမိ ဤဘ၀တွင် ပဉ္စာနန္တရိယကံ ၅ ပါးမကျူးလွန်ထားပါက တရားထူးရနိုင်မည်ဟု ယုံယုံကြည်ကြည်ဖြင့် အားထုတ်သင့်ပါသည်။ ယခင်ဘ၀က ကျူးလွန်ခဲ့လျှင်လည်း လက်ရှိငရဲကျနေမည်မှာ သေချာပါသည်။ လူဘ၀ကိုရောက်နေခြင်းသည် မရှိခဲ့လို့ဟု မှတ်ယူရပါမည်။ ထို့ကြောင့် တရားနာရုံဖြင့် ဖတ်မှတ်လေ့လာ ဉာဏ်ဖြင့် ဆင်ခြင်စဉ်းစားပြီး တရားရနေပြီဟု မိမိကိုယ်မိမိ အမှတ် ၁ နှင့် ၂ ပုဂ္ဂိုလ်များ ဖြစ်နေမလားဟု အထင်ရောက်နေပါက ကျင့်စရာမလိုဟု ထင်မိပါက ကိုယ်ကျိုးနည်းတော့မည်။ ပုဂ္ဂိုလ် ၄ ဦး စလုံး ခန္ဓာကို ဉာဏ်ဖြင့်လှည့်ပြီး ရုပ်၊ ဝေဒနာ၊ စိတ်၊ ဓမ္မတို့၏ အဖြစ်အပျက်ကို တွေ့ပြီးမှသာ အရိယာမဂ်ရကြကြောင်း၊ မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော်ကြီးတို့၏ ဟောကြားချက်များကို ထောက်ရှု၍ တင်ပြလိုက်ရပါသည်။
ချမ်းသာစစ်နှင့် ပြည့်စုံကြပါစေ။
ပြေဇော်
=======
င်္ဂလာပါ...
သောတာပန် အပိုင်း(၄) အဖြစ်.. သောတာပန်တည်ဖို့ ဦးစွာလုပ်ရမည့်အလုပ်လို့လည်း ပြောပြော... လူရယ်လို့ ဖြစ်လာရင် ဦးစွာပထမ ရှေ့ဦးစွာ လုပ်ရမည့်အလုပ်လို့ ပြောရင် ပိုမှန်တဲ့သဘော မှာ ရှိပါတယ်...အဲဒါကတော့ .. မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့်
--
ခင်ဗျားတို့ အရောင်းတွေ၊ အ၀ယ်တွေ၊ သားခင်ဖို့၊ သမီးခင်ဖို့၊ ဆွေခင်မှု၊ မျိုးခင်မှု အသာလျှော့ထားစမ်းပါ …. (မှန်ပါ့ဘုရား) ဒီသက္ကာယဒိဋ္ဌိ အရင်ဖြုတ်လိုက်စမ်းပါ ….. (မှန်ပါ့ဘုရား)၊ သဘောကျပလား ….. (ကျပါပြီဘုရား)။
သားသမီး ဆွေမျိုး၊ ဥာတကာကိစ္စအလုပ်ကို မလွှဲသာတာတွေ မလွှဲသာဟု ပြောမနေနဲ့၊ မလွှဲသာတာက သက္ကာယဒိဋ္ဌိ ဖြုတ်ဖို့ရာ မလွှဲသာတဲ့အလုပ် ….. (မှန်ပါ့)၊ ရှင်းပလား …… (ရှင်းပါပြီဘုရား)။
ဟိုဟာတွေ လွှဲသာတယ်၊ မုန်းတာပဲရှိတယ်၊ သားဆီ မသွားရင် သားကပဲ မုန်းမယ်၊ သမီးဆီမသွားရင် သမီးက မုန်းတာပဲ ရှိတယ်၊ အပါယ်တော့မရောက်ဘူး …… (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိဖြစ်ပျက်ကို မမြင်လို့ သက္ကာယဒိဋ္ဌိ မပြုတ်ခဲ့သော် ဒကာ ဒကာမတို့ မုန်းတာထက်ဆိုးတယ်နော် ….. (မှန်ပါ့ဘုရား)။
မုန်းတာအရေးမကြီးပါနဲ့ အပါယ်ကျမှာ အရေးကြီးပါတယ်၊ သက္ကာယဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များသည် ယထာဟိ မုဂ္ဂမာသပ္ပမာဏာပိ ပါသာကာ သက္ခရာ ဥဒကေ ပက္ခိတ္တာ ဥပ္ပိလ၀ မာနာနာမ နတ္ထိလို့ အင်္ဂုတ္တိုရ် အဋ္ဌကထာက ဆိုသောကြောင့် သက္ကာယဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များဟာကွာ၊ ကျောက်ခဲလေး ရေထဲချလိုက်သလို ဘယ်တော့မှ ပေါ်လိမ့်မယ်လို့ ငါဘုရားမဟောဘူးကွ …. (မှန်ပါ့)၊ သဘောကျပလား ….. (ကျပါပြီဘုရား)။
အဲ့ဒီတော့ သားမုန်းတာ သမီးမုန်းတာ ပစ္စည်းမရတာအရေးမကြီးပါနဲ့၊ ကိုယ်မြုပ်သွားလို့မပေါ်မှာသာစိုးရိမ်ပါ …..(မှန်ပါဘုရား) ရှင်းပြီးလား ……(ရှင်းပါပြီဘုရား)ကိုယ်မြုပ်သွားလို့ ….. (မပေါ်မှာစိုးရိမ်ရပါတယ်ဘုရား)။
အဲ - ခင်ဗျားတို့က အခုမှတွေ့ တဲ့ သားသမီး၊ အခုမှတွေ့ တဲ့ ဆွေမျိုး၊ ခုမှတွေ့ တဲ့ အိမ်နီးနားချင်း၊ ယခုမှရတဲ့ပစ္စည်းလေးကို ခင်ဗျားတို့က အရေးတကြီး ထားပြီး နေကြပါတယ် …. (မှန်ပါ့)။
ကိုယ့်ကိုယ်ကို သနားတဲ့စိတ်ကတော့မပါဘူး ….. (မှန်ပါ့)၊ သူတစ်ပါးငဲ့ပြီးတော့ ငါတော့
အပါယ်လေးပါးရောက်ပစေတော့၊ ဒီအဓိပ္ပာယ်ရောက်နေတယ် ….. (မှန်ပါ့)၊ မရောက်ဘူးလား ….. (ရောက်ပါတယ်ဘုရား)၊ အဲဒီတော့ ခင်ဗျားတို့သည် မသိတဲ့အထဲ ဆိုးရွားတာပိုနေတယ် (မှန်ပါ့) သဘောကျကြပြီလား (ကျပါပြီဘုရား)။
မသိတဲ့အထဲမှာ (ဆိုးရွားတာပိုနေပါတယ်ဘုရား)။ ဆိုးရွားတာပိုနေသေးတယ်ဆိုတာ အရွယ်တွေလဲ ကြည့်ကြ စမ်းပါအုံး …… (မှန်ပါ့)။
အရွယ်တွေလဲ ကြည့်ကြစမ်းပါအုံး ….. (မှန်ပါ့)၊ အရွယ်တွေလဲ ကြည့်ကြစမ်းပါအုံး၊ အလွန်ကြီးရင့်ကုန်ပြီ၊ သုသာန် မျက်စောင်းထိုးကုန်ပြီ ဆိုရင်ကော လွဲပါ့မလား ….. (မလွဲပါဘုရား)။
အဲဒီတော့ အရေးကြီးရမှာက ရင်ဝ လှံစူး၊ ဦးခေါင်း မီးလောင် ဒါထက် သက္ကာယ ဒိဋ္ဌိဖြုတ်ဖို့ ပိုအရေးကြီးတာ သံယုတ်ပါဠိတော်က မဟောဘူးလား၊ အဲဒီတော့ ဒါကိုလုပ်ပါ သက္ကာယ ဒိဋ္ဌိဖြုတ်ပါဆိုတော့၊ ဘယ့်နှယ်ဖြုတ်ရမှာတုံး မေးတော့ ဖြစ်ပျက်ရှုမှ ပြုတ်မှာ ….. (မှန်ပါ့)၊ ပေါ်လာတဲ့စိတ်ကလေးကို ….. (ဖြစ်ပျက်ရှုရမှာပါဘုရား)။
ဖြစ်ပျက်ရှုမှ ပြုတ်မှာ ဒကာ ဒကာမတို့၊ ဖြစ်ပျက်မှ မရှုလို့ ရှိရင်တော့ မပြုတ်ပါဘူး ….. (မပြုတ်ပါဘူးဘုရား)၊ မပြုတ်ပါဘူး၊ ခင်ဗျားတို့ ရုပ် နာမ် ခွဲရုံလေးလောက်နဲ့တော့ သညာပြုတ်လို့ခေါ်တယ် ….. (မှန်ပါ့)၊ ရုပ်နာမ်ခွဲရုံလေးဟာ ဘာပါလိမ့် …… (သညာပြုတ်လို့ ခေါ်ပါတယ်ဘုရား)။
ဒါက ပညာပြုတ် ဦးဘတင်ရ ….. (မှန်ပါ့)၊ ဒါက ပညာနဲ့ ကိုဖြုတ်တာ၊ ၀ိပဿနာပညာနဲ့ကိုဖြုတ်တာ …. (မှန်ပါဘုရား)။
ဒါ ၀ိပဿနာသမ္မာဒိဋ္ဌိနဲ့ ဖြုတ်တယ် ….. (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီဘုရား)၊ အဲဒီတော့ ဒကာ ဒကာမတို့ ကိုယ့်အရေးကို သိကြပါပြီလား …… (သိကြပါပြီဘုရား)။
ဒီတစ်လောကလုံး ကျုပ်တို့ ဘုရား အဆူဆူနဲ့ လွဲခဲ့တာလဲ အပါယ်ငရဲ နေခဲ့ရလို့ပဲဆိုရင်ကော လွဲပါ့မလား ….. (မလွဲပါဘုရား) အင်း - အပါယ်ငရဲ ဘယ်သူက ရောက်အောင် ပို့ထားပါလိမ့်မလဲ (သက္ကာယဒိဋ္ဌိက ပို့ခဲ့တာပါဘုရား)။
သဘောကျပလား …. (ကျပါပြီဘုရား)၊ ရှင်းပြီးလား …… (ရှင်းပါပြီဘုရား)၊ ဒါသူမပြုတ်သရွေ့  ကာလပတ်လုံး ဘယ်ဘုရားနဲ့ မဆိုလွဲဖို့ရာ သေချာပြီးသားလို့မှတ် …. (မှန်ပါ)၊ ရှင်းပြီးလား ….. (ရှင်းပါပြီဘုရား)။
ဘယ်ဘုရားနဲ့မဆို လွဲဖို့ရာသည် ဘယ်လိုဆုတောင်း ဆုတောင်း တောင်းချင် သလောက်တောင်း သက္ကာယမပြုတ်ရင် လွဲရမယ် ….. (မှန်ပါ့)၊ ရှင်းပြီလား ….. (ရှင်းပါပြီဘုရား)။
ဆုတောင်းလေး သာမညနဲ့ တကယ်ချမယ့် သက္ကာယဒိဋ္ဌိက အပါယ်ပို့ထားမှာနဲ့ဆိုတော့ ဆုတောင်း သာမညနဲ့ တကယ်ပို့မယ့်တရားနဲ့ ဘယ်သူ အတည်ပြုကြမယ် …… (တကယ်ပို့မယ့် သက္ကာယဒိဋ္ဌိကို အတည်ပြုရမှာပါဘုရား)။
တကယ်ပို့မယ့်တရား အတည်ပြုရမယ်လို့ ဦးဇံရင်တို့မှတ်ရလိမ့်မယ် ….. (မှတ်ရပါမယ်ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)။
အဲဒီတော့ ခင်ဗျားတို့က ဆုတောင်းထားတာပဲ ကျုပ်တော့ အင်း - ဘုရားနဲ့တွေ့ ဖို့ရာ ရှေးဦးစွာ ဘုရားဖူးဖို့ရာ ၊ ရှေးဦးစွာ လှူဖို့ရာ အို- မတွေ့ ဘူး စိတ်သာချ၊ ဘာဖြစ်လို့ မတွေ့ တုံးဆိုတော့ မတွေ့ နိုင်တဲ့ တရားက မတွေ့အောင်လို့ ပို့ထားမယ့်တရားက ကျုပ်တို့ ဖြုတ်မှ မဖြုတ်ခဲ့ဘူးပဲကိုးဗျ …… (မှန်ပါ့ဘုရား)။
ဘယ်သူပါလိမ့် ….. (သက္ကာယဒိဋ္ဌိပါဘုရား)၊ အဲ - သက္ကာယဒိဋ္ဌိက အပါယ်လေးပါး ပို့ထားမယ့်တရား …… (မှန်ပါ့ဘုရား)၊ ရှင်းပလား ….. (ရှင်းပါပြီဘုရား)။
ဆက်ရန်...
လေးစားစွာဖြင့်
ဝင်းမြင့်
=======
မင်္ဂလာပါခင်ဗျား...
ဆက်လက်၍ ဆွဲထုတ်ကာ မျှဝေလိုသည်မှာ..ပဒုံမှာ ဖိုရမ်၌ ကိုပြေဇော်မျှဝေသွားသည့်...
ကြုံကြိုက်လို့ မိုးကုတ်ဆရာတော်ကြီးဟောတဲ့ သောတာပန်ပုဂ္ဂိုလ်၏မြင်ပုံ တရားတော်ထဲက ယမကရဟန်းအကြောင်း ဆွေးနွေးလိုပါတယ်။ ကိုတင့်ဦး ဆွေးနွေးထားတာ တခြားတော့ပစ်မှာ တွေခဲ့ပါတယ်။ ခုအကျယ်ချဲ့ချင်လို့ပါ။
အဲဒီတရားထဲမှာ ယမကရဟန်းတော်က ရဟန္တာသေလျှင် ဘာမှမရှိ ပြတ်ပြီဆိုတဲ့ အယူစွဲနေတယ်ဆိုတာကို ကျန်ရဟန်းတွေက အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးထံ လျှောက်ကြတယ်။ ရဟန်းတွေက သူတင်ယူတာမဟုတ် ဘုရားကဟောတယ်ပြောလို့ ဘုရားပါ ဥစ္ဆေဒဒိဌိဖြစ်နေတယ်လို့ ၀ိုင်းလျှောက်တယ်။
ဒီတော့ အရှင်သာရိပုတ္တရာက ယမကရဟန်းကိုမေးတယ်။
မေး - ယမကရေ ခန္ဓာ ၅ ပါးရှိသလား။
ဖြေ - ရှိပါတယ်ဘုရား။
မေး - ရုပ်တရားကို ရဟန္တာခေါ်သလား။
ဖြေ - ရုပ်တရားကို ရဟန္တာမခေါ်ပါဘူးဘုရား။
မေး - ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဉာဏ် တွေကိုရော ရဟန္တာခေါ်သလား။
ဖြေ - ရဟန္တာမခေါ်ပါဘူးဘုရား။
မေး - ရုပ်ထဲမှာ၊ ခန္ဓာ ၅ ပါးထဲမှာကော ရဟန္တာရှိသလား။
ဖြေ - မရှိပါဘူးဘုရား။
မေး - ခန္ဓာ ၅ ပါး အပေါင်းကော ရဟန္တာခေါ်သလား။
ဖြေ - ရဟန္တာမခေါ်ပါဘူးဘုရား။
မေး - ခန္ဓာ ၅ ပါး မဟုတ်တဲ့ တစ်ပါးသောတရားကို ရဟန္တာဆိုမလား။
ဖြေ - ဒီလိုလဲ မဟုတ်ပါဘုရား။
မေး - ရဟန္တာသေရင် ဘာမှ မဖြစ်တော့ဘူးဆိုတာ ဘယ်မတုန်း ရဟန္တာပြောပါဦး။
ဖြေ - အရှင်ဘုရား ဒိဌိကိန်းနေတုန်းက တပည့်တော် ပြောခဲ့တာပါဘုရား။
(မှတ်ချက်။ ဒိဌိကို ရှေးဦးစွာ အသိနဲ့ ပြုတ်သွားပါသည်။ သက္ကယဒိဌိ တန်းလန်းနှင့် ရဟန္တာဆိုတာကို ပုဂ္ဂိုလ်၊ သတ္တ၀ါ ပညတ်ကို အစွဲပြုပြီး မေးလာလျှင် ပြတ်သည်၊ မပြတ်ဟု ဖြေရန်မသင့်။ ဖြေလျှင်လည်း သဿတ၊ ဥစ္ဆေဒ ဒိဌိ တစ်ခုခု ဖြစ်တော့မည်။ သတိပြုသင့်ပါသည်။ )
ဆက်ပြီးတော့
မေး - ခန္ဓာ ၅ ပါး က နိစ္စလား၊ အနိစ္စလား။
ဖြေ - အနိစ္စပါ ဘုရား။
မေး - ဒုက္ခလား။ သုခလား။
ဖြေ - ဒုက္ခပါဘုရား။
မေး - ဖောက်ပြန်တတ်တဲ့ သဘောရှိလို့ ငါ့ကိုယ်ငါ့ဟာလို့ ဆိုနိုင်သလား။
ဖြေ - မဆိုနိုင်ပါဘူး ဘုရား။
အေး..ကောင်းပြီး ခန္ဓာကို ဉာဏ်နဲ့လှည့်တော့လို့ အရှင်သာရိပုတ္တရာက ပြောရာ အရှင်ယမက သောတာပန်တည်သွားသည်။
သောတာပန်တည်ပြီးနောက် ဒိဌိပြုတ်မှ အရှင်သာရိပုတ္တရာကဆက်မေးတယ်။
မေး - ရဟန္တာသေလျှင် ဘာမှမဖြစ်ဘူး ဆိုတဲ့ မင်းအယူဝါဒကို ကျန်ရဟန်းတွေလာမေးရင် မင်းဘယ်လိုဖြေမတုန်း။
ဖြေ - တပည့်တော်ဒီလိုဖြေပါ့မယ်ဘုရား။ ခန္ဓာ ၅ ပါးက ဒုက္ခဖြစ်တဲ့ တရားပါ။ ရဟန္တာသေတာ ဒုက္ခကုန်တာ ဒုက္ခဆုံးတာပါဘုရား။ ဒုက္ခသာဆုံးသွားတာ သုခရှိပါတယ်ဘုရား။
ဤနေရာတွင် အရှင်သာရိပုတ္တရာက နောင်တဖန်ဖြစ်ရင် ဒုက္ခ၊ နောင်တဖန်မဖြစ်ရင် သုခပဲလို့ အင်္ဂုတ္တိုရ်မှာ တိုတိုနဲ့ အဓိပ္ပါယ်ဖွင့်ထားတာရှိပါတယ်။ ခန္ဓာ ၅ ပါးက ဒုက္ခသစ္စာတရား။ ခန္ဓာရှိလျှင် ဒုက္ခရှိ။ ခန္ဓာ ၅ ပါး နောင်တဖန်မဖြစ်ရင် နိဗ္ဗာန်ပဲ၊ ခန္ဓာတော့မရှိ။ ခန္ဓာမရှိခြင်းဆိုတဲ့ သုခဓမ္မ သက်သက်ရှိ၏လို့ ဆိုပါတယ်။
ဒီတရားက တချက်ခုတ်နှစ်ချက်ပြတ်ပေါ့။
သောတာပန်ရဲ့ အမြင်ကိုသိရသလို၊ ရဟန္တာသေရင် ဘာဖြစ်သလဲဆိုတဲ့ အဖြေလည်းသိရပါတယ်။ ဆွေးနွေးပြီးသားတွေပါ။
အခု တင်ပြချင်တာက သောတာပန်ဖြစ်ဖို့ လိုအပ်ချက်တွေ သိသာစေချင်လိုပါ။
ဒိဌိ(၆၂)ပါး၊ အနှစ်ချုပ်တော့ ၃ ပါးကို အသိနဲ့ ပယ်တာ သောတာပန်မဖြစ်သေးဘူးဆိုတာ ခုတရားကပြနေပါတယ်။
တရားနာရင် အသိနဲ့ ဒိဌိပြုတ်ပါတယ်။ ဒါလည်းလိုအပ်ပါတယ်။ ခန္ဓာဉာဏ်လှည့်တဲ့အခါ ပေါ်လာတဲ့ ဓမ္မလေးတွေကို ဉာဏ်က မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ တချို့ယောဂီတွေ ခန္ဓာက ဓမ္မလေးတွေပြနေပေမဲ့ ဘာဆက်လုပ်ရမှန်မသိဘူးဆိုပြီး ဆက်ရှုနေကြတယ်။ ဉာဏ်မကူရင်တော့ ဈာန်လမ်းက မတက်တော့ပါ။
(ဉာဏ်စဉ်အသေးစိတ်ကို ကျွှန်တော် Dhamma Talk မှာ အာနာပါနဿတိဆိုပြီး ရေးတင်ထားပါတယ်)
ဒါကြောင့် ရှင်သာရိပုတ္တရာကိုယ်တော်ကြီးက ရှင်ယမကကို ပထမအသိနဲ့ ပယ်စေပြီးမှ ခန္ဓာကို ဉာဏ်နဲ့လှည့် စေပါတယ်။
အသိနဲ့ပယ်တာက သစ်ပင်ကို ခုတ်ဖြတ်လိုက်သလိုပဲရှိပါသေးတယ်။ အပွါးနဲ့ပယ်တာက သစ်ပင်ကို အမြစ်က ဆွဲနုတ်တာနဲ့ တူပါတယ်။
ဓမ္မမိတ်ဆွေများ တရားနာတဲ့အသိနဲ့ သောတာပန်ဖြစ်ပြီလို့ ယူဆနေမှာစိုးလို့ပါ။
လေးစားစွာဖြင့်
ပြေဇော်
=====
သောတာပန်ဖြစ်ရန် အင်္ဂါ-၄-ပါး
=====================
သောတာပန်ဖြစ်ချင်ရင် အင်္ဂါလေးချက်နှင့် ညီညွတ်အောင် နေထိုင်ရမယ်၊ ကျင့်သုံးရမယ်လို့ မြတ်စွဘုရားကိုယ်တော်တိုင် ဟောထားတာ ရှိပါတယ်။ အဂုင်္တ္တိုရ်ပါဠိတော်မှာ ပါပါတယ်။
စတ္တာရိမာနိ ဘိက္ခဝေ သောတာပတ္တိယင်္ဂါနိ၊ ကတမာနိ စတ္တာရိ၊(က) သပ္ပုရိသသံသေဝေါ၊ (ခ) သဒ္ဓမ္မဿဝနံ (ဂ) ယောနိသော မနသိကာရော၊ (ဃ) ဓမ္မာနုဓမ္မပဋိပတ္တိ။ (အဂုၤတၱိဳရ္ပါဠိစတုကၠ။)
၁။ သပ္ပုရိသသံသေဝေါ=သူတော်ကောင်းနှင့် ပေါင်း၊
၂။ သဒ္ဓမ္မဿဝနံ = သစ္စာတရားမျိုးကို ရွေး၍နာ၊
၃။ ယောနိသော မနသိကာရော = မှန်မှန်ကန်ကန်ကြံဆ၊ ဆင်ခြင်နှလုံးသွင်း၊
၎။ ဓမ္မာနုဓမ္မပဋိပတ္တိ= ရနိုင်လောက်အောင် ဇွဲသန်သန်ဖြင့် အားထုတ်။
[ဆောင်]
သူတော်ဆည်းကပ်၊ မြတ်တရားနာ၊
လျော်စွာနှလုံး၊ ကျင့်သုံးဇွဲသန်၊
သောတာပန်၊ ဖြစ်ရန်အကြောင်းလေး။
အခွင့်အခါကို စောင့်နေကြနဲ့၊ လုပ်ယူကြပါ
==========================
အခုခတ်တွင် အများအားဖြင့် ယူဆနေကြသည်မှာ ဘုရားနဲ့တွေ့လျှင် ဘုရားက တရားဟော၊ မိမိကနာယူ(ဥဂ္ဃဋိတညူ ပုဂ္ဂိုလ်မျိုးလို) အားမစိုက်ရဘဲ လွယ်လွယ်ကလေးနဲ့ တရားသိသွားသောနည်းမျိုး။
ဒါမှမဟုတ် ကျယ်ကျယ်ပြန့်ပြန့် ဟောပြီးလို့ တရားအဆုံးမှာ (ဝိပဥ္စိတညူ ပုဂ္ဂိုလ်မျိုးလို) အားမထုတ်ရပဲနဲ့၊ တရားသိသွားသော နည်းမျိုးကို မျှော်မှန်းတောင့်တ နေတတ်ကြသည်။
"အဲဒီအချိန် မရောက်ခင် ဒီအတွင်းမှာ ဒုက္ခတွေ ပင်လယ်ဝေရမှာကိုတော့ ထည့်ပြီး မတွက်ကြဘူး" ဟူ၍ မိုးကုတ်ဆရာတော်ဘုရားကြီးက အပြစ်တင်တော်မူသည်။ မိုးကုတ်ဆရာတော်ဘုရားကြီးကမူ ထိုသို့ မဟုတ်ချေ၊ နေယျပုဂ္ဂိုလ်တို့လို ကျင့်ယူပါ၊ လိုလားအပ်တဲ့အကျိုးကို အဖိုးအခပေး၍ ယူပါ၊ ကိုယ့်မှာ ရရှိလာတဲ့အခြေအနေကို အသုံးချပါ၊ လက်တွတ်မခံပါနဲ့၊ "နောင်" ဆိုတဲ့ အနာဂါတ်ဟာ မသေချာဘူး။
ဒါကြောင့် ယခုပစ္စပ္ပန်မှာ ယခုအခွင့်ကောင်းကြံခိုက်တွင် ယခုလုပ်ယူပါ၊ ကျင့်ယူပါ၊ အရင်းအနှီးပေး စိုက်ထုတ်ပါ၊ အလုပ်လုပ်ပါ၊ ထိုအခါ တရားနဲ့ တွေ့ပါလိမ့်မည်၊ တရားနဲ့တွေ့ဖို့က အဓိကပါ-ဟု ဆိုလိုတော်မူသည်(ကမ္မ=အလုပ်၊ ကမ္မဖလ=လုပ်အားခ) အလုပ်လုပ်မှ လုပ်အားခ ရနိုင်မည်။ အလုပ်မလုပ်ပဲနဲ့ လုပ်အားခ မရနိုင် ဟူလို။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘဝသာသနာစာအုပ်မှ ကောက်နုတ်တင်ပြပါသည်။
အချိန်ရသမျှ ကျွန်ုပ်မျှဝေမည် ဤတရားဓမ္မ တစ်ခွန်းတစသည် ဓမ္မမိတ်ဆွေတို့အား ဝဋ်တရားမှ ထုတ်ဆောင်အားရှိစေသော်…
(ဆက်ရန်)
လေးစားစွာဖြင့်
ဝင်းမြင့်
====
စီစစ်ဝေဖန် ဆင်ခြင်ဉာဏ်ဖြင့်
သိလွယ်လင့်စေ မှတ်သားဝေ၏
ဤအသိစွဲ ထင်မှားမလွဲဖို့
ဉာဏ်စို့ထွက်ပေါ် သိဆော်ခေါ်က
သံသယမဖက် အမှန်မြတ်၍
ဝဋ်ကျွတ်လင့်စေ…
ဝင်းမြင့် 24-07-2008-11:59 AM
မဟာစည်ဆရာတော်ဘုရားကြီး၏တရားစာများမှဆွဲထုတ်၍....
သောတာပန်ပုဂ္ဂိုလ်၏ သဘော-
သောတာပန်မှာ ကာမဂုဏ်အာရုံတွေကို သာယာတပ်စွဲတဲ့ ကာမရာဂ-ဆိုတာလဲ ရှိပါသေးတယ်၊ ဗျာပါဒ -ဒေါသဆိုတာလဲ ရှိပါသေးတယ်၊ မောဟ တို့ မာနတို့ ဆိုတာတွေလဲ ရှိပါသေးတယ်၊ ဒါပေမယ့်လို့ သူတစ်ပါး၏ အသက်ကို သတ်နိုင်လောက်အောင်တော့ အကုသိုလ်က ပြင်းပြင်းထန်ထန် ထက်ထင်သန်သန် မဖြစ်တော့ဘူး၊ လောဘ ဒေါသတွေ ဖြစ်ပေါ်လာပေမယ့်လို့ သူတစ်ပါးကို သတ်နိုင်လောက်အောင် အထိတော့ မပြင်းထန်တော့ဘူး၊ အကုသိုလ်ဒီဂရီဟာ လျော့သွားပြီ၊ အဲဒါဘာကြောင့်တုံးလို့ဆိုယင်၊ သတိကကောင်းနေလို့ သတိက နောက်ကလိုက်ပြီး ထိန်းနေလို့ပါပဲ၊ ဒီလိုဖြစ်ပုံကို တရားအားထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ်တိုင်ပဲ တွေ့ရပါတယ်၊ အားမထုတ်ရသေးတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒါကို မှန်းဆပြီး ကြည့်ကြပေါ့လေ၊ မယုံမကြည်တော့ မရှိကြနဲ့၊ ဟုတ်ကောင်းပါရဲ့လို့ ဒီလိုတော့ ယုံကြည်ထားမှ ဖြစ်မှာ၊ ဘာကြောင့်လဲဆိုယင် "သောတာပန်ဟာ အပါယ်ကျရောက်စေတတ်တဲ့ အကုသိုလ်ကို မပြုတော့ဘူး၊ သူတစ်ပါးအသက်ကိုလဲ မသတ်တော့ဘူး" ဆိုတာကို မြတ်စွာဘုရားကိုက ဟောထားတာ၊ ဘုန်းကြီးတို့လဲ တရားအားထုတ်ကြည့်ထားလို့ "အဲဒီအတိုင်း မှန်ကန်တယ်" ဆိုတာကို သိတန်သလောက် သိရပါတယ်၊ ဒါကြောင့် ကိုယ်တိုင် တွေ့သိချင်ယင် တရားကို တကယ်တမ်းအားထုတ်ကြည့်ပါ။ ပိုင်ပိုင်နိုင်နိုင် အားထုတ်မိတဲ့အခါမှာ ဒီသဘောကို ကိုယ်တိုင်ပဲ တွေ့ရပါလိမ့်မယ်၊ ဘယ်လိုသဘောလဲဆိုယင်၊ သတိအစောင့်အရှောက်ကလေးတွေက နောက်ကထပ်ကြပ်လိုက်နေတဲ့ သဘောပါပဲ၊ လိုက်လာပုံကတော့- လိုချင်စရာ နှစ်သက်တပ်မက်စရာ အာရုံနဲ့ တွေ့ယင် နှစ်သက်တပ်မက်တဲ့ လောဘဟာ ရုတ်တရက်ဆိုတော့ ဖြစ်ပေါ်လာတတ်သေးတာပဲ၊ စိတ်ဆိုးစရာနဲ့တွေ့ယင် ဒေါသဟာလဲ ဖြစ်ပေါ်လာတတ်သေးတာပဲ၊ လုံးလုံးကင်းတာမှ မဟုတ်သေးဘဲဟာကိုး၊ ဖြစ်တော့ဖြစ်သေးတာပါပဲ၊ ဒါပေမဲ့ အဲဒီလောဘ ဒေါသတွေဟာ တော်တော်ပြင်းထန်လာပြီဆိုမှဖြင့် အစောင့်အရှောက် သတိကလေးက နောက်ကလိုက်လာပြီ၊ အဲဒီလို သတိကလိုက်ပြီး အုပ်လိုက်တော့ လောဘ ဒေါသတွေဟာ အရှိန်လျော့ပြီး ပြော့ကျသွားတယ်၊ သာမန်ပုထုဇဉ် ပုဂ္ဂိုလ်များမှာလို ပြင်းပြင်းထန်ထန် မဖြစ်ရတော့ဘူး၊ ဒါကြောင့် လောဘ ဒေါသတွေဟာ မကင်းသေးလို့ ဖြစ်ပေမယ့်၊ သူတစ်ပါးအသက်ကို သတ်နိုင်လောက်အောင်တော့ မဖြစ်ဘူး၊ သူတစ်ပါး ဥစ္စာကို ခိုနိုင်လောက်အောင်လဲ မဖြစ်ဘူး၊ သူတစ်ပါးအကျိုးမဲ့ လိမ်နိုင်လောက်အောင်လဲ မဖြစ်ဘူး၊ ဒါကြောင့် "သောတာပန်ဟာ အပါယ်ကျစေတတ်တဲ့ အကုသိုလ်ကို မပြုဘူး၊ အပါယ်လေးပါလဲ မကျနိုင်ဘူး" လို့မြတ်စွာဘုရားက ဟောထားတာ ။
လေးစားစွာဖြင့်
ဝင်းမြင့်
Copyright © 2010 Thitsartayar.Com
Donated by: Saydanarshinmalay
Designed by: Thitsartayar.com