Main Menu
  • မူလစာမျက်နှာ
  • ထေရုပ္ပတ္တိအကျဉ်း
  • တရားတော်အသံဖိုင်များ
  • တရားတော်ရုပ်သံဖိုင်များ
  • ဓမ္မစာအုပ်များ
  • တရားတော်စာမူများ
  • တရားတော်မှတ်စုတိုများ
  • ပဋိစ္စသမုပ္ပာဒ် ဉာတပရိညာသင်ခန်းစာ
  • မှတ်တမ်းဓာတ်ပုံများ
  • ရေးသားမျှဝေမှုများ(ဝင်းမြင့်)
  • Forum
Hosting Donated By
dnthitsartayar
ကျန်းမာအေးမြကြပါစေ

အခွင့်က သင့်အတွက် ဘယ်လို?

First version –
နေ့နှင့်ည အားဖြင့် ကာလနှစ်ဖြာ ထိုအခါ၌ များစွာလူအများ နေ့၌သာကား အလုပ်လုပ်ကြ၏။ အလုပ် လုပ်ခွင့်ကို နေ့၌ များစွာရ၍သာ နေ့မှာ အလုပ် လုပ်ကြခြင်းဖြစ်သည်။ ဤသည်ကား နေ့က ပေးသည့် အခွင့်အရေးဟု ဆိုထိုက်၏။ ထိုအခွင့်အရေးကို တစ်ချို့မှာ အသုံးမပြုကြ။ အခွင့်အရေးကို အသုံးမပြုခြင်းဆိုသည်မှာ ထို့နေ့အခါမှာ အလုပ်မလုပ်ဘဲ အပျင်းစွဲ ငိုက်မြည်းနေခြင်းကို ဆို၏။ ထိုသူတို့အဖို့ အခွင့်မှာ သင့်ပါလျက် ဆုံးရှုံးခြင်းသို့ ရောက်ရ၏။
ဤသဘောအတိုင်း သတ္တဝါတို့ ကျင်လည်နေရသည့် သံသရာမှာလည်း နေ့အခါနှင့် ညအခါကဲ့သို့သော အချိန်အခါသည် ရှိ၏။ သံသရာမှာ လူ့ဘုံဘဝ၌ ဖြစ်နေရခြင်းသည် နေ့အခါနှင့်တူ၏။ ကျန်ဘုံဘဝမှာ ဖြစ်ရခြင်းသည် ညအခါနှင့် တူ၏။ အဘယ့်ကြောင့်ဆိုသော် လူ့ဘုံ၌သာ ကုသိုလ်ဖြစ် အလုပ်(ကုသိုလ်အလုပ်)ကို အချိန်ပြည့်လုပ်နိုင်၏။ လုပ်ခွင့်သာ၏။ ကျန်ဘုံဘဝနေရာဌာန၌ကား နေ့၌ လုပ်ခဲ့သော ကုသိုလ်အကျိုးကို စံနေရခြင်းနှင့် နောက်တစ်ခုမှာ နေ့၌ မလုပ်ခဲ့သော ကုသိုလ်ကြောင့် (တစ်နည်း) နေ့၌ အကုသိုလ်ဖြင့် အိပ်နေခဲ့ခြင်းကြောင့်  ခံနေရခြင်းပင်တည်း။ ထိုသို့ စံခိုက် နှင့် ခံခိုက်တွင် ကုသိုလ်အလုပ်ကို လုပ်ခွင့်မသာ၍ ညအခါနဲ့ တူ၏လို့ ပမာပေး ပြောရခြင်းဖြစ်၏။
 ဤသို့ဖြင့် ကုသိုလ်ဖြစ် အလုပ်ကို ဖြိုင်ဖြိုင်ကြီး လုပ်နိုင်သည် ဆိုသည် အချက်မှာ လူ့ဘုံ၌ ဖြစ်ရခြင်း၏ ကြီးမားသော အခွင့်အရေး ပင်တည်း။ ကုသိုလ်သည် လုပ်ရင် လုပ်တတ်သလောက် သူ့အကျိုးပေး အစွမ်းသတ္တိက ထက်၏ မြတ်၏။ လောကီ၌ ချမ်းသာသည်ဟု သတ်မှတ်ခံ စံတင်လောက်သည့် ချမ်းသာတိုင်းသည် ကုသိုလ်၏ အကျိုးပေး အစွမ်းသတ္တိ သာတည်း။ လောကုတ္တရာ၌ ချမ်းသာသည်ဟု သဘာဝအမှန် စံတင်လောက်သည့် ချမ်းသာသည်လည်း ကုသိုလ်၏ အကျိုးပေး အစွမ်းသတ္တိသာတည်း။ ထို့ကြောင့် ချမ်းသာသုခ ကို ခံစားလိုကြသည့်သူတို့သည် ကုသိုလ်တရားဖြင့် ကင်းကွာ၍ပင် မရချေ။ ဤမျှ တန်ဖိုးကြီးမားသော ကုသိုလ်တရားကို ဤလူ့ဘဝ၌ ရခွင့်သာနေ၏။ ရခွင့်သာပါလျက် ထိုသူတို့ မရခြင်းသည် နေ့အခါ အိပ်စက်နေကြသော သူတို့သာဖြစ်ချေသည်။ ထိုသူ့တို့အဖို့ အခွင့်သည် လွန်စွာ ဆုံးရှုံးသလောက် နစ်နာလှ၏။ အဘယ်သို့ နစ်နာခြင်းသို့ ဆိုက်ရောက်သနည်းဟု အမေးထုတ်လျင် - စာကျက်ခွင့်ရချိန်မှာ အအိပ်မက်၍ စာမကျက်သူအဖို့ စာမေးပွဲကျဆုံးခြင်းသို့ ကိန်းသေ ဆိုက်ရောက်သကဲ့သို့ နေ့ အခါ ကုသိုလ်အလုပ်ကို မေ့၍ မောဟဖက် အိပ်စက်နေကြသူအဖို့ သူရဲ့ အားထုတ်နေခြင်းသည် အကုသိုလ်အလုပ်သာဖြစ်၍ သူ့အကျိုးပေက လှမည်မဟုတ်။ အဟုတ် ဆင်းရဲခြင်းသို့ ဆိုက်ရောက်မည်။ သုံးသပ်ကြည့်ပါ။ လောဘတက်နေခိုက်၊ ဒေါသထွက်နေခိုက်၊ အသိမပါ အဖြေမရ ဖြစ်နေခိုက်သည် ပူလောင်း ဆင်းရဲခြင်း သဘောရှိ၏ လား? (သို့မဟုတ်) အေးမြ ချမ်းသာခြင်း သဘောရှိ၏ လား? ဆိုသည့် မေးခွန်းနှစ်ခုဖြင့် စစ်ဆေး၍ သုံးသပ်ကြည့်လျင် ပြုခိုက်၌လည်း ကောင်းမွန်သည့် အခြင်းအရာမရှိလျင် ပြုသည့်အလျောက် ရခိုက်၌လည်း ကောင်းမွန်ခြင်း အခြင်းအရာရှိမည် မဟုတ်ဟု ပိုင်းခြား၍ သိမြင်ရပေမည်။
ထိုသို့ နေ့က ပေးသည့် အခွင့်အရေးကို အသုံးပြုရမှန်း မသိသူတို့၏ ဆုံးရှုံးနစ်နာမှုကို ယခု စာဖတ်သူတို့ သဘောမြင် သတိထင်၍ ဤလူ့ဘဝ၌ ရှင်သန်နေခိုက် စက္ကန့်လက်တန့်များကို အကျိုးရှိရှိ အသုံးပြုတတ်စေလိုသည်မှာ ဤပိုစ့်ရေးရခြင်း စေတနာပင်တည်း။
နိဂုံးချုပ်အားဖြင့် ကုသိုလ်တရားများကို လုပ်ကြပါလို့ တိုက်တွန်းသည်ထက် လုပ်တတ်ပါစေဟူ၍သာ ပို၍ တိုက်တွန်း အကြံပြုပါ၏။ မလုပ်တတ်ဘဲ လုပ်ကြလျင်လည်း လုပ်သလောက် မလုပ်တတ်သည့်အတွက်ကြောင့် သူ့အကျိုးပေး အစွမ်းသတ္တိက မထက် မမြတ်ပေ။ ကုသိုလ် လုပ်တတ်သည်ဆိုသည်ကား အတိုမျှ ရေးဖော်ပြရလျင် လုပ်ခိုက်မှာ လောဘ၊ ဒေါသ၊ မောဟ ကင်းပြီး လုပ်ဟု ဆိုခြင်းတည်း။ ဤနေရာ၌ လောဘ ကင်း၍ လုပ် ဆိုသည်မှာ ကြည်ဖြု မြတ်နိုးစွာ မျှဝေ ပေးကမ်းလိုမှု သဒ္ဓါတရား ဦးဆောင်၍ ကောင်းသော စေတနာပြုခြင်းတည်း။ ဒေါသ ကင်း၍ လုပ်ဆိုသည်မှာ သူတစ်ပါးအား ထပ်တူ ချစ်ခင်၊ ထပ်တူ သနား၊ ထပ်တူ ဝမ်းသာ၊ ထပ်တူ လေးစား တန်ဖိုးထားမှု ဖြင့် သူ့ဒုက္ခ၊ သူ့သုခကို ဗဟိုမပြုသော မေတ္တာတရား ဦးဆောင်၍ ကောင်းသောစေတနာပြုခြင်းတည်း။ မောဟ ကင်း၍ လုပ်ဆိုသည်မှာ ဤ ပြုအပ်သော စေတနာ၏ အကျိုးသည် စေတနာအလျောက်တိုင်း ပြုသည့် စေတနာ ဖြူလျင် အကျိုးပေးဖြူ၊ ပြုသည့် စေတနာမဲလျင် အကျိုးပေးမဲ အားဖြင့် သိမြင်ထားသော အသိ၊  နားလည်နေသော နားလည်မှု ၊ လက်ခံထားသော လက်ခံမှု ယုံကြည်ထားသော ယုံကြည်မှု ဦးဆောင်၍ ကောင်းသောစေတနာပြုခြင်းတည်း။
 
 
Second version –
နေ့နှင့်ည အားဖြင့် ကာလနှစ်ဖြာ ထိုအခါ၌ များစွာလူအများ နေ့၌သာကား အလုပ်လုပ်ကြ၏။ အလုပ်လုပ်ခွင့်ကို ည၌ မသာ။ နေ့၌ သာလွန်စွာ ရ၏။ ထိုအခွင့်မှာ နေ့က ပေးသည့် အခွင့်အရေးဟု ဆိုထိုက်၏။ အခွင့်တိုင်း လူအများ အသုံးချကြသည်မဟုတ်။ မသုံးသည့်အလျောက် ဖြုန်းတီးပစ်ကြ၏။ ထိုဖြုန်းတီးခြင်းသည် သူ့အဖို့ ဆုံးရှုံး နစ်နာခြင်း၏ အစပျိုးခြင်းနှင့် ဆင်းရဲခြင်းသို့ ဦးတည်ခြင်းတည်း။
သတ္တဝါတို့ ကျင်လည်နေသည့် သံသရာလောက၌လည်း ဤသဘောအတိုင်း။ နေ့အခါနှင့် ညအခါကဲ့သို့သော အချိန်အခါသည် ရှိ၏။ လူ့ဘုံဘဝနေရာဌာန၌ ဖြစ်နေရခြင်းသည် နေ့အခါ ကျင်လည်ရခြင်းနှင့်တူ၏။ ကျန်ဘုံဘဝမှာ ဖြစ်ရခြင်းသည် ညအခါ ကျင်လည်ရခြင်းနှင့်တူ၏။ အကြောင်းမှာ လူ့ဘုံလောက၌သာ ကုသိုလ်လုပ်ခွင့်သာ၏။ လုပ်နိုင်၏။ ကျန်ဘုံလောက၌ကား လုပ်ခွင့်မသာ။ နေ့အခါ လုပ်ခဲ့သူအဖို့ စံနေရခြင်းနှင့် နေ့အခါ အိပ်နေခဲ့သူအဖို့ ခံနေရခြင်းသည် ထိုဘုံဘဝတို့၏ မြင်ကွင်းတည်း။
ဤသို့ဖြင့် ကုသိုလ်လုပ်ခွင့်သာခြင်းနှင့် ကုသိုလ်ကို ဖြိုင်ဖြိုင်ကြီး လုပ်နိုင်ခွင့်သည် လူ့ဘုံဘဝမှ ပေးသော ကြီးမားသော အခွင့်အရေးပင်တည်း။ ထိုအခွင့်အရေးကို ကောင်းစွာ အသုံးချသင့်၏။ ထိုသို့မဟုတ်လျင် စာကျက်ခွင့်ရချိန်မှာ အအိပ်မက်နေသူနှင့် တူ၏။
စာကျက်ခွင့်ရချိန်မှာ အအိပ်မက်၍ စာမကျက်သူအဖို့ စာမေးပွဲ ကျဆုံးခြင်းသို့ ကိန်းသေ ဆိုက်ရောက်မည်။ ထိုသို့ နေ့အခါ ကုသိုလ်အလုပ်ကို မေ့လျော့ကြီးစွာဖြင့် မေ့နေခြင်း၊ (သို့မဟုတ်) မိမိကိုယ် မိမိ နေ့၌ အိပ်စက်နေသောသူဟု မသိခြင်းသည် သူ့အဖို့ မနက်ဖန်သည် ဆင်းရဲခြင်းသို့ ကိန်းသေ ဆိုက်ရောက်မည်။
ထို့သို့ မေ့လျော့အားကြီးစွာဖြင့် မနေသင့်။ လူ့ဘဝ၌ ရှင်သန်ခွင့်ရခိုက်မှာ ရသည့်အခွင့်ကို စက္ကန့်မလပ် အသုံးချသင့်၏။ အကုသိုလ်များဖြင့် အိပ်စက်ခြင်းငှာ မထိုက်ဟု သိလိုသော စေတနာဖြင့် ဤပိုစ့်ကို ရေးသားရခြင်း ဖြစ်သည်။
နိဂုံးချုပ်အားဖြင့် ကုသိုလ်နှင့် အကုသိုလ်၏ သဘောကို အနည်းငယ် ပြဆိုအံ့။
အကုသိုလ်သည် လုပ်နေစဉ်လည်း မငြိမ်းချမ်း သူ့အကျိုးပေးလည်း မချမ်းသာ။ လောဘတက်နေခိုက်၊ ဒေါသထွက်နေခိုက်၊ အသိမပါ အဖြေမရ ဖြစ်နေခိုက်သည် ပူလောင်း ဆင်းရဲခြင်း သဘောရှိ၏ လား? (သို့မဟုတ်) အေးမြ ချမ်းသာခြင်း သဘောရှိ၏ လား? ဆိုသည့် မေးခွန်းနှစ်ခုဖြင့် စစ်ဆေး၍ သုံးသပ်ကြည့်လျင် ပူလောင်း ဆင်းရဲခြင်း သဘောရှိသည်မှာ ထင်ရှား၏။
ကုသိုလ်သည် လုပ်နေစဉ်မှာလည်း ငြိမ်းချမ်း၍ သူ့အကျိုးပေးလည်း ချမ်းသာ၏။ (၁) ကြည်သာရွှင်ပြ မြတ်နိုးစွာ ဝေမျှ ပေးကမ်းနေခိုက်၊ (၂) သူတစ်ပါးအား ထပ်တူ ချစ်ခင်၊ ထပ်တူ သနား၊ ထပ်တူ ဝမ်းသာ၊ ပြီးလျင် သူ့ဒုက္ခ၊ သူ့သုခကို ဗဟိုမပြုဘဲ ထပ်တူ လေးစား တန်ဖိုးထား ဆက်ဆံခိုက်၊နှင့် (၃) အဖြေမှန်ရခိုက်၊ နားလည်သွားတဲ့အခိုက်၊ သဘောပေါက်သွားတဲ့အခိုက်သည် ပူလောင်း ဆင်းရဲခြင်း သဘောရှိ၏ လား? (သို့မဟုတ်) အေးမြ ချမ်းသာခြင်း သဘောရှိ၏ လား? ဆိုသည့် မေးခွန်းနှစ်ခုဖြင့် စစ်ဆေး၍ သုံးသပ်ကြည့်လျင် အေးမြ ချမ်းသာခြင်း သဘောရှိသည်မှာ ထင်ရှား၏။
ဤကား ကုသိုလ်နှင့် အကုသိုလ် အကျိုးပေးခြားနားချက်တည်း။
 
အခွင့်တစ်ခုသည် သင့်တွက် အသင့်ဖြစ်နေခိုက် သုံးသင့်လား၊ ဖြုန်းသင့်လား?
အသိမှန်၊ အကျင့်မှန် ဤနှစ်တန် ချမ်းသားအစစ်မှန် ဖြစ်ပေ(စေ)သည်။
လေးစားစွာဖြင့်
ဝင်းမြင့်
 

Copyright © 2010 Thitsartayar.Com
Donated by: Saydanarshinmalay Designed by: Thitsartayar.com